MySport Myanmar

စပိန် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ပရီးမီးယားလိဂ် flop ဟိုဆေးလူ

ယခင်က ပရီးမီးယားလိဂ် ကလပ်အသင်း ဖြစ်ခဲ့တဲ့ စတုတ်စီးတီးနဲ့ လက်ရှိ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်တို့မှာ ပါဝင်ကစားခဲ့ရင်း ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိခဲ့သူ ဟိုဆေးလူဟာ အခုဆိုရင်တော့ စပိန် လက်ရွေးစင်အသင်းရဲ့ ကစားသမားစာရင်းမှာပါ ရွေးချယ်ထားခံခဲ့ရပြီပဲ ဖြစ်ပါတယ်။

Photo Credit : Marca

ချာတိတ်ဘဝတုန်းက ရီးယဲလ်မက်ဒရစ်မှာတောင် ပါဝင်ခဲ့ဖူးတဲ့ စပိန်-ဂျာမနီနွယ်ဖွား တိုက်စစ်ကစားသမား ဟိုဆေးလူဟာ ၂၀၁၅ခုနှစ်မှာပဲ အဲ့ဒီအချိန်က ပရီးမီးယားလိဂ်မှာ ရှိနေသေးတဲ့ စတုတ်စီးတီးဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက စတုတ်မှာ ကာကစ် အနော်တိုဗစ်တို့ပါ ရှိနေကြသေးပြီး ဟိုဆေးလူကတော့ အင်္ဂလန် ကစားဟန်နဲ့ အံ့ဝင်နိုင်ခြင်း မရှိပဲ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ (၄)ဂိုးသာ သွင်းယူရင်း ဒီပို့တီဗို့ဆီ အငှားချခံခဲ့ရပါတယ်။

Photo Credit : The Sun

ဒီလို စတုတ်မှာ flop သွားတဲ့ ဟိုဆေးလူကို နယူးကာဆယ်က ပေါင်(၅)သန်းနဲ့ ခေါ်ယူခဲ့ရာ (၂)ရာသီအတွင်း (၅၂)ပွဲအထိ ကစားပေးခဲ့ရတာတောင် (၇)ဂိုးပဲ သွင်းနိုင်ခဲ့တဲ့အထိ ထပ် flop ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ပြည်တော်ပြန်ခဲ့ရတဲ့ ဟိုဆေးလူဟာ လာလီဂါကလပ် အလာဗက်စ်မှာတော့ သူရဲ့ တည်တည်ငြိမ်ငြိမ် form တစ်ခု ပြန်ရခဲ့ပြီး (၃)ရာသီ ဖြတ်သန်းပြီးနောက် အက်စပန်ညိုဆီ အလွတ်နဲ့ ပြောင်းလာခဲ့ပါတယ်။ ဒီရာသီမှာတော့ ဟိုဆေးလူက အက်စပန်ညိုအတွက် လာလီဂါသွင်းဂိုး (၁၂)ဂိုးအထိတောင် သွင်းယူထားတာမို့ ဒီလို form မျိုး ရနေတဲ့ သူ့ကို စပိန်နည်းပြ ဒီလာဖွန်တီက လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခဲ့ရာ ဒါဟာ ဟိုဆေးလူအတွက်တော့ ပထမဆုံး call-up ဖြစ်လာခဲ့ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ အသက်(၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဟိုဆေးလူက ၂၀၀၆ခုနှစ်နောက်ပိုင်း စပိန်လက်ရွေးစင် ပထမဆုံးအကြိမ် ရွေးချယ်ခဲ့ရတဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်သွားခဲ့သလို အခုလို ရွေးချယ်ခံခဲ့ရမှုအပေါ်မှာလည်း အတော်လေးကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရပါတယ်။ ဟိုဆေးလူက သူဘယ်လောက်တောင် ပျော်နေရသလဲဆိုတော့ အသက်(၁၈)နှစ်အရွယ် လူငယ်လေးတစ်ဦးလိုမျိုး ခံစားမိရတဲ့အထိ ပျော်ရွင်နေရတယ်လို့ ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။

Exit mobile version