ပြိုင်ဆိုင်မှု နဲ့ ဖျော်ဖြေမှု အပေးနိုင်ဆုံး အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ လာမယ့် ဧပြီလ (၄) ရက်နေ့အထိ ရပ်နားသွားဖွယ် ရှိတယ်လို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေကို ရပ်နားမယ်လို့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပေမဲ့လည်း လာမယ့် ဧပြီလ (၄) ရက်နေ့အထိ ရပ်နားသွားဖွယ် ရှိတယ်လို့ ဖော်ပြလာကြတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အနေနဲ့ မနေ့က ကြာသပတေးနေ့၊ ညနေပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အစီအစဉ် ဆွဲထားတဲ့ အတိုင်း ကစားသွားမယ်လို့ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit: Eurosport

ဒါပေမဲ့လည်း ဒီကနေ သောကြာနေ့ မနက်ပိုင်းမှာ အာဆင်နယ် နည်းပြ အာတီတာ နဲ့ ချဲလ်ဆီး တောင်ပံ ကစားသမား အိုဒွိုင်းတို့ကို ကိုရိုနာ ကူးစက်ခံရပြီးလို့ တရားဝင် ဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် အဖွဲ့အစည်းဟာ ပရီးမီးယားလိဂ် အသင်းတွေကို အရေးပေါ် အစည်းအဝေး ပြုလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ဒီမနက် အစောပိုင်းမှာ အစည်းအဝေး ပြုလုပ်သွားခဲ့ကြပါတယ်။ DailyMail သတင်းထောက် မတ် ဟုချ် (Matt Hughes) ကတော့ အစည်းအဝေး ဆုံးဖြတ်ချက်ကို မကြာခင် သိရမှာ ဖြစ်ပြီး ကာရာဘောင် ပြိုင်ပွဲကိုလည်း ရပ်နားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Eurosport

တွစ်တာမှာ မတ် ဟုချ်က “ဧပြီလ (၄) ရက်နေ့အထိ ပရီးမီးယားလိဂ် ပြိုင်ပွဲ နဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲ ရပ်နားပါတယ် ဆိုတဲ့ ကြေညာချက် မကြာခင် ထွက်လာမယ်”လို့ ရေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဟာ အီတလီနိုင်ငံမှာ စီးရီးအေ ပြိုင်ပွဲ နဲ့ စပိန်နိုင်ငံမှာ လာလီဂါ ပြိုင်ပွဲတွေကို ရပ်နားထားတာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ရပ်နားသွားဖို့ ပြင်ဆင်နိုင်ချေ ရှိလာပါတယ်။ အီတလီ စီးရီးအေ ပြိုင်ပွဲကို လာမယ့် ဧပြီလ (၃) ရက်နေ့အထိ ရပ်နားထားပြီး စပိန် လာလီဂါ ပြိုင်ပွဲကိုတော့ လာမယ့် ဧပြီလ (၅) ရက်နေ့အထိ တရားဝင် ရပ်နားသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက လီးဂူဝမ်း ပြိုင်ပွဲကိုလည်း အချိန်အကန့်အသတ် မရှိ ရပ်နားသွားခဲ့ပြီ ဖြစ်ပြီး ပရီးမီးယားလိဂ် အနေနဲ့လည်း ပရီးမီးယားလိဂ် ပွဲစဉ်ကို ရပ်နားနိုင်ချေ အလွန် များနေပါတယ်။