ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ လတ်တလော မှာ အင်္ဂလန် နိုင်ငံအတွင်းနဲ့ ကစားသမားတွေ ကြားထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက် လာတာကြောင့် လာမယ့် ဇန်နဝါရီလမှာ ပြိုင်ပွဲကို ခေတ္တရပ်နားဖို့ ဆွေးနွေးနေကြကြောင်း နာမည်ကြီး အင်္ဂလန် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပရိသတ်တွေကို ကွင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တဲ့ အချိန်မှစကာ လက်ရှိ အချိန်အထိ ပွဲစဉ် အများစုကို ပရိသတ်မပါပဲ ကွင်းပိတ်ကာ ကစားခဲ့ပါတယ်။ ဒါပေမယ့် ယခုလ အစောပိုင်းလောက်မှ စတင်ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနည်းတဲ့ ဒေသတွေမှာ ပရိသတ်တွေကို အရေအတွက် အကန့်အသတ် နဲ့ ဘောလုံးကွင်းတွေ ထဲကို ပြန်လည် ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။

 

Photo Credit: Daily Mail

လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံ တစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် တွေ့ရှိမှုနဲ့အတူ ကူးစက် ပျံ့နှံ့မှုနှုန်းကလည်း အဆမတန် မြင့်တက်လာတာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းတွေဟာ အသင်းရဲ့ ဝန်ထမ်းတွေ ၊ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ ကျန်းမာရေး လုံခြုံမှုကို အဓိက ထားနိုင်ဖို့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ၂ပတ်ကြာအောင် ရပ်တန့်ဖို့ စတင် ဆွေးနွေး နေကြပါပြီ။ အထူးသဖြင့် ယခုတစ်ပတ် အတွင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်း ၊ အာဆင်နယ်အသင်း ၊ ရှက်ဖီးလ် ယူနိုက်တက် ၊ ဖူလ်ဟမ် စတဲ့ အသင်းတွေမှာ ရှိတဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိလာတာကြောင့် ပရီးမီးယားလိဂ် ဟာ ပြိုင်ပွဲကို ခေတ္တ ရပ်နားဖို့ စဉ်းစားနေတာ ဖြစ်ပြီး ခေတ္တ ရပ်နားဖြစ်ပါကလည်း လာမယ့် ဇန်နဝါရီလ အစောပိုင်းမှာ ရပ်နားသွားဖွယ် ရှိနေပါတယ်။

Photo Credit: Daily Mail

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင်အသင်း အတော်များများဟာ ကစားသမားတွေရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်တာကြောင့် ပြိုင်ပွဲကို ၂ပတ်ကြာအောင် ခေတ္တ ရပ်နားဖို့ ဆန္ဒရှိနေကြောင်း သိထား ရတာကြောင့် မကြာခင်မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ခေတ္တ ရပ်နားနိုင်ပါတယ်။ ဝက်စ်ဘရွန်းအသင်းရဲ့ နည်းပြသစ် ဖြစ်သူ ဆမ်အလာဒိုက် ကလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေစဉ် ကာလအတွင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို‌ ခေတ္တ ရပ်နားလိုက်တာဟာ ကောင်းမွန်တဲ့ အရာ တစ်ခုဖြစ်ကြောင်းနဲ့ ပရီးမီးယားလိဂ်ဟာ သူ့လို အသက် ၆၆နှစ် အရွယ် အဘိုးကြီးနဲ့ ကစားသမားတွေကို အလေးထားရင် ပရီးမီးယားလိဂ်ကို လျင်မြန်စွာ ရပ်တန့်သင့်ကြောင်း ဆိုသွားပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံး ရှိနေတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။