တရုတ်နိုင်ငံ ဝူဟန့်ပြည်နယ်ကနေ စတင်ပြီး ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ဘောလုံးပြိုင်ပွဲတွေကို ခေတ္တ ရပ်နားထားခဲ့ရတာကို အားလုံးလည်း သိရှိကြမှာပါ။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ် ကူးစက် ပျံ့နှံ့မှုဟာ အရှိန်လျော့သွားသလို ကူးစက်ခံရပါကလည်း ကုသနိုင်ဖို့အတွက် ဆေးနည်းတွေကို စတင် ရှာဖွေနေကြပြီလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် အထိနာကြတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ကျွန်တော်တို့ ချစ်တဲ့ ဘောလုံးပြိုင်ပွဲတွေလဲ အပါအဝင် ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဥရောပရဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံး လိဂ်တွေထဲက တစ်ခုဖြစ်တဲ့ နယ်သာလန်လိဂ်နဲ့ ပြင်သစ်လီဂူးဝမ်းတို့ဟာ တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ကျန်ရှိတဲ့ ထိပ်သီးလိဂ်တွေကတော့ ဆက်လက် ကစားဖို့ ဆန္ဒရှိနေကြဆဲ ဖြစ်ပြီး လူစုလူဝေး ဖြစ်စေမှုကို ရှောင်ရှားနိုင်ဖို့အတွက် ကွင်းပိတ်ကာ ကစားဖို့ စီစဉ်နေကြပါတယ်။

Photo Credit: Metro.com

နာမည်ကြီး အားကစားသတင်းဌာနတစ်ခု ဖြစ်တဲ့ Sky Sports ရဲ့ ဖော်ပြချက်တွေအရ ကမ္ဘာပေါ်မှာ ဘောလုံးပရိသတ် အများအပြားကို ဖျော်ဖြေမှုတွေ ပေးနေတဲ့ အင်္ဂလန် ပရီးမီးယား လိဂ်ပြိုင်ပွဲဟာ မကြာမီမှာပဲ တရားဝင် ပြန်လည် စတင်တော့မယ်လို့ သိရှိရပါတယ်။ ထွက်ပေါ် လာတဲ့ သတင်းတွေအရတော့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ အက်ဖ်အေနဲ့ ပရီးမီးယားလိဂ် အသင်းတွေကြားထဲမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးမှုတွေအရ လက်ရှိ ဘောလုံးရာသီကို အပြီးသတ်ဖို့အတွက် အသင်းအများစုက သဘောတူခဲ့ကြပြီး မကြာမီအချိန် အတွင်းမှာပဲ ကစားသမားတွေကိုတော့ ၁၄ရက် ကြာအောင် ဆေးစစ်မှုတွေ ခံယူခိုင်းမယ်လို့ သိရကာ ဆေးစစ်မှုအောင်မြင်တဲ့ ကစားသမားတွေ ဟာ အသင်းနဲ့အတူ ပူးပေါင်းကာ လေ့ကျင့်ခန်းတွေ စတင်လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

Photo Credit: Metro.com

ဒါ့အပြင် ဆွေးနွေးမှုတွေအရ ကလပ်အသင်းတွေဟာ ပွဲစဉ်တွေကို ကြားကွင်းမှာ ယှဉ်ပြိုင် ကစားရမယ်ဆိုတဲ့ အချက်ကို ပယ်ချခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင်ကွင်းတွေထဲမှာသာ ကွင်းပိတ်ကာ ကစားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတချို့က ပြန်ပြောင်း ပြောပြလာကြပါတယ်။ နီးစပ်သူတွေရဲ့ အဆိုအရတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအား ပြန်လည်စတင်မယ့် နေ့ရက်ကို ဇွန်လ ၇ရက်နေ့လို့ သတ်မှတ် ထားကြောင်း သိရပြီး ပြိုင်ပွဲကို ပြန်လည် စတင်မယ့် နေ့ရက်ဟာ ဗြိတိန်အစိုးရရဲ့ Lock Down ကာလ ဆုံးဖြတ်ချက်တွေနဲ့ သက်ဆိုင်နေတယ် လို့ သိရပြီး အကယ်၍ ကိုယ်ပိုင်ကွင်းတွေမှာ ကန်ဖို့အတွက် အဆင်မပြေပါက ကြားကွင်းမှာ ကန်ရမယ်လို့လည်း သိရပါတယ်။ ဆက်စပ် သတင်းတွေအရတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ မန်ယူအသင်း ဟာ သူတို့အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းကို ၂၀၂၁ ခုနှစ်မတိုင်မီအထိ ပိတ်ထားဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။