ယူရို-၂၀၂ဝပြိုင်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေလို ထိပ်တန်းနိုင်ငံတကာပြိုင်ပွဲကြီးတွေ အဆုံးသတ်သွားခဲ့ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မနှစ်က မကျင်းပလိုက်ရတဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကလည်း ဒီလအတွင်းမှာပဲ ကျင်းပမှာဖြစ်လို့ အိုလံပစ်ဘောလုံးအသင်းမှာ ပါဝင်ဆင်နွဲသွားမယ့် ကစားသမားတွေအနေနဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေရဲ့ ရာသီကြို ခြေစမ်းပွဲတွေအပြင် ရာသီအစ အမှတ်ပေးပွဲတချို့ကိုပါ လွဲချော်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်လို့နေရပါတယ်။

Photo Credit : The New York Times

ဂျပန်နိုင်ငံမှာ ကျင်းပလို့သွားမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင်(၂၃)ရက်နေ့ကနေ သြဂုတ်လ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပေမယ့်လည်း အိုလံပစ်ရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲကိုတော့ ဇူလိုင်(၂၂)ရက်နေ့ကနေ သြဂုတ်လ(၇)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ အိုလံပစ်ဗိုလ်လုပွဲအပြီး တစ်ပတ်အကြာလောက်မှာပဲ စတင်ကျင်းပမှာ ဖြစ်တဲ့အတွက် အိုလံပစ်ပြိုင်ပွဲကို သွားရောက်ဆင်နွဲနေရမယ့် ကစားသမားတွေအနေနဲ့ကတော့ လုံလောက်တဲ့ အနားယူရက်လည်း ရှိနေသေးတဲ့အတွက် ကလပ်အသင်းတွေရဲ့ ပွဲစဉ်အနည်းငယ်ကို လွဲချော်ရနိုင်ပါတယ်။

Photo Credit : The Sun

အိုလံပစ်ပြိုင်ပွဲအတွက် ကစားသမားတွေကို စေလွှတ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ များစွာရှိနေပေမယ့် အနစ်နာနိုင်ဆုံး ကလပ်တွေထဲမှာ အဲဗာတန်နဲ့ ဗီလာတို့က ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့စေလွှတ်ခဲ့ရတဲ့ ရစ်ချာလီဆန်(အဲဗာတန်/ဘရာဇီး)နဲ့ ဒေါက်ဂလပ်လူးဝစ်ဇ်(ဗီလာ/ဘရာဇီး)တို့က သက်ဆိုင်ရာကလပ်အသင်းတွေရဲ့ အဓိက ကစားသမားတွေ ဖြစ်နေတာကြောင့်ပါပဲ။ ရစ်ချာလီဆန်ဆိုရင် ဘရာဇီးအတွက် ကိုပါအမေရိကပြိုင်ပွဲအပြင် အိုလံပစ်ပွဲပါ ပါဝင်ကစားမှာ ဖြစ်တဲ့အတွက် ပိုမိုပွဲပန်းနေနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာ ရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာလည်း နောက်ခံလူဘာယီနဲ့ လူငယ်တောင်ပံကစားသမားလေး အာမတ်တို့ကို အိုင်ဗရီကို့စ်အသင်းအတွက် စေလွှတ်ရဦးမှာဖြစ်ပေမယ့် ဒီကစားသမားတွေက အသင်းမှာ Line-up ဝင်ဖို့ ရုန်းကန်နေရသူတွေဖြစ်လို့ အနည်းငယ် သက်သာနိုင်ပါတယ်။ အာဆင်နယ်ကလည်း ယူနိုက်တက်နည်းတူ ကစားသမား(၂)ဦး စေလွှတ်ရဖို့ ရှိနေပေမယ့် နောက်ခံလူ ဂါဘရီရယ်က ဒဏ်ရာရသွားခဲ့လို့ တိုက်စစ်ကစားသမား မာတင်နယ်လီကို ဘရာဇီး အိုလံပစ်အသင်းအတွက် စေလွှတ်ရမှာ ဖြစ်ပါတယ်။