လတ်တလော ဗြိတိန်နဲ့ ဥရောပတဝိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေက ပြန်လည်မြင့်မားလာသလို ကစားသမားတွေကြား ကူးစက်မှုတွေပါ ရှိလာခဲ့ရတဲ့အတွက် တချို့ပွဲစဉ်တွေ နောက်ဆုတ်ကျင်းပလာရတာကြောင့် လာမယ့် ၂၀၂၂ခုနှစ် နှစ်အစပိုင်းမှာ ကျင်းပဖို့ ရှိလို့နေတဲ့ အာဖရိကနိုင်ငံဖလားပြိုင်ပွဲကို ပရီးမီးယားလိဂ် ကလပ်အသင်းများ အထူးသဖြင့် အာဖရိက ကစားသမား အများစု ပါဝင်နေကြတဲ့ ပရီးမီးယားလိဂ် အသင်းတွေကနေ သပိတ်မှောက် ခြိမ်းခြောက်ဖို့အတွက် ပြင်ဆင်နေကြတယ်လို့ သိရှိရပါတယ်။

Photo Credit : CGTN

AFCON အာဖရိကဖလားပြိုင်ပွဲကို လာမယ့် ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့ကနေ ဖေဖော်ဝါရီလ (၆)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်လို့ အဲ့ဒီကာလအတွက် ဥရောပ ကလပ်အသင်းတွေဘက်ကနေ သူတို့ရဲ့ အာဖရိက ကစားသမားတွေကို သက်ဆိုင်ရာ နိုင်ငံတွေဆီ စေလွှတ်သွားရတော့မှာဖြစ်လို့ အသင်းတွေအတွက် အနည်းနဲ့အများ ထိခိုက််နစ်နာမှုတွေက ရှိလာနိုင်သလို လတ်တလောမှာလည်း ကိုဗစ် ကူးစက်မှုတွေ တစ်ဆတစ်ဆနဲ့ မြင့်တတ်လာနေတာကြောင့် အသင်းတွေဘက်ကနေ သူတို့ကစားသမားတွေကို စေလွှတ်ဖို့ ဝန်လေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်က ကလပ်အသင်းတွေအနေနဲ့ကလည်း အာဖရိကဖလားပြိုင်ပွဲကိုပါ သပိတ်မှောက်ဖို့အထိ ခြိမ်းခြောက်မှုတွေ ပြုလုပ်ဖို့အထိပါ စီစဉ်လျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Guardian

လက်ရှိ ကိုဗစ်ရဲ့စတုတ္ထလှိုင်းအဖြစ် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ပိုး ပျံ့နှံနေမှုဟာ ဥရောပ ဘောလုံးနယ်ပယ်အတွင်းကို ချဉ်းနည်း ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာဆိုရင် ဒီတစ်ပတ်အတွင်းမှာပဲ ပွဲစဉ်(၃)ပွဲခန့်ကိုပင် ကိုဗစ်ကူးစက်မှုတွေကြောင့် ရွေ့ဆိုင်းလိုက်ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဥရောပ ကလပ်အသင်းများဆိုင်ရာ အဖွဲ့အစည်းက ဘုတ်အထွဲ့အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီးနောက်မှာ ကစားသမားတွေရဲ့ လုံခြုံရေးအတွက် သူတို့ စိုးရိမ်ပူပန်နေရကြောင်း အာဖရိက ဘောလုံးအဖွဲ့ချုပ်နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ဆီကို စာရေးသား ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်နာခြင်းမရှိဘူးဆိုရင်တော့ ကလပ်အသင်းတွေအနေနဲ့ အဆိုပါပြိုင်ပွဲအတွက် အသင်းရဲ့ အာဖရိက ကစားသမားတွေကို သက်ဆိုင်ရာ နိုင်ငံအသင်းဆီ စေလွှတ်မှု ပြုလုပ်မှာ မဟုတ်ကြောင်းကိုလည်း ရေးသားဖော်ပြထားခဲ့ပါတယ်။ အာဖရိက ဘောလုံးသမားတွေဟာ ဥရောပ ကလပ်အသင်းများစွာမှာ ပါဝင်ကစားနေကြတာဖြစ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာပင် အယောက်(၄၀)ခန့်လောက် ရှိနေတဲ့အတွက် အာဖရိကဖလားပြိုင်ပွဲဟာ အသင်းတိုင်းအတွက်ကို ခေါင်းခဲစရာ ပြိုင်ပွဲတစ်ခု ဖြစ်နေရပါတယ်။