ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ စိတ်ဝင်စားလျက်ရှိနေပြီး ဒီအသင်းတွေထဲကမှ ဟာဇက်ရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ပိုင်ရှင် အပြောင်းအလဲ ပြုလုပ်ထားတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းတို့ကနေ အထူးစိတ်ဝင်စားနေတယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : CaughtOffside

အသက်(၃၀)အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၄၆)သန်း(အပိုဆုကြေး အပါအဝင်)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သလို တစ်ပတ်ကိုလည်း ပေါင်(၄)သိန်းအထိကို ရရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာဇက်ဟာ အသင်းနဲ့ (၂)နှစ်အထိ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ဒဏ်ရာပြသာနာများစွာနဲ့ ရုန်းကန်နေရခဲ့ပြီး (၂)ရာသီအတွင်းမှာ အသင်းအတွက် သွင်းဂိုးပေါင်း (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ဟာဇက်က ရီးယဲလ်အသင်းအတွက် ပွဲပေါင်း(၉)ပွဲ ပါဝင်ထားခဲ့ရပေမယ့် (၅)ပွဲကိုသာ ပွဲထွက်ကစားခဲ့ရပြီး သွင်းဂိုးတစ်ဂိုးမှ မသွင်းယူထားနိုင်ပဲ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ရှိနေပါသေးတယ်။

Photo Credit : Daily Express

ဟာဇက်ဟာ ကြွက်သားဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရတဲ့ အယ်ကလက်စီကိုဒါဘီပွဲမှာ အသင်းရဲ့ အရန်စာရင်းမှာ ပါဝင်လာခဲ့ရပေမယ့် ပွဲပြီးဆုံးချိန်ထိ လုံးဝ ပါဝင်ရခြင်း မရှိသလို အိုဆာဆူနာနဲ့ပွဲမှာလည်း မိနစ်ပေါင်း (၂၁)မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။ ဒီလို ပွဲထွက်ကစားရဖို့နဲ့ လာလီဂါမှာ အံ့ဝင်နိုင်အောင် ရုန်းကန်နေရတဲ့ ဟာဇက်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတွေကနေ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ရီးယဲလ်အသင်းဘက်ကနေလည်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အဓိကပစ်မှတ်ဖြစ်သူ ကီလီယန်အမ်ဘာပေကို ခေါ်ယူသွားဖို့ ချိန်ရွှယ်လျက်ရှိနေပြီး ဘာပေကိုသာ ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ဟာဇက်ရဲ့ ရီးယဲလ်ကစားသမားဘဝ အနာဂတ်က သေချာပေါက်ကို အဆင်မပြေနိုင်တော့မှာဖြစ်လို့ အသင်းနဲ့ စာချုပ်သက်တမ်း အသင့်တင့် ကျန်ရှိနေသေးပေမယ့် အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေရပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ (၇)နှစ်နီးပါး ကျင်လည်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ (၂)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။