ကိုရိုနာဗိုင်းရပ်စ် Covid-19 ပိုး ကူးစက်မှုတွေက အခုချိန်ထိကို သိသိသာသာ ကျဆင်းသွားခြင်းတွေ မရှိသေးပဲ ကမ္ဘာ့နိုင်ငံအများစုမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာလည်း ကူးစက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းက သူတို့အသင်းအတွက် ကစားသမား(၃)ယောာက်နဲ့ ဝန်ထမ်းတစ်ဦးတို့ဆီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားရကြောင်း နယူးကာဆဲလ်နည်းပြ စတိဗ်ဘရုစ်ကိုယ်တိုင် ပြောဆိုထားခဲ့တာကြောင့် လာမယ့်သောကြာနေ့မှာ ကျင်းပသွားဖို့ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွေ့ဆိုင်းရတော့မယ်လို့ သိရပါတယ်။

Photo Credit : South Coast Register

နယူးကာဆဲလ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ နည်းပြစတိဗ်ဘရုစ်က အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်နေသူ (၄)ယောက်အထိကို ရှိလို့နေကြောင်းနဲ့ ဒီလိုကူးစက်ခံထားရတဲ့ ကစားသမားနဲ့ဝန်ထမ်းတွေကိုလည်း ပဲလေ့စ်နဲ့ပွဲမတိုင်ခင် စစ်ဆေးမှုကနေ သိရှိခဲ့ရတာဖြစ်လို့ သီးသန့်သာ ထားရှိထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ နာမည်ကိုတော့ အတိအကျဖော်ပြသွားခဲ့ခြင်းမရှိပဲ အသင်းရဲ့ ရောဂါထိန်းချုပ်မှုဆိုင်ရာ နည်းလမ်းတွေနဲ့ အခြေအနေမဆိုးလာအောင် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေကြောင်းသာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky News

နယူးကာဆဲလ်အသင်းဘက်မှာ အခုလို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ ရှိနေတဲ့အတွက် လာမယ့်သောကြာနေ့မှာ စိန့်ဂျိမ်းစ်ပတ်ကွင်းအတွင်း ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကျင်းပနိုင်တော့မှာမဟုတ်ပဲ ရက်ရွှေ့ဆိုင်းရမယ်လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တာဝန်ရှိသူများဘက်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ နယူးကာဆဲလ်အသင်းဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပျံနှံ့သွားခြင်းမရှိဖို့အတွက် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို ယာယီပိတ်သိမ်းထားခဲ့ရသလို သောကြာနေ့ပွဲကို ရွှေ့ဆိုင်းပေးဖို့ ဗီလာဘက်ကို တောင်းဆိုထားခဲ့ရာမှာလည်း ဗီလာဘက်က ခွင့်ပြုပေးခဲ့တဲ့အပြင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေဖို့ကိုလည်း ဆုမွန်ကောင်းတောင်းပေးသွားခဲ့ပါတယ်။ လာမယ့်တစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ဆင်နွဲစရာ မလိုတော့တဲ့ နယူးကာဆဲလ်အသင်းဟာ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့်(၁၃)နေရာမှာ ရပ်တည်လို့နေပြီး သူတို့အသင်းနဲ့အတူ ပွဲစဉ်ရွှေ့ဆိုင်းရတော့မယ့် ဗီလာအသင်းကတော့ ပဆင့်(၁၀)နေရာမှာ ရပ်တည်နေလျက်ရှိကာ နယူးကာဆဲလ်အသင်းထက် (၁)မှတ်လေးသာ အသာရလို့နေပါတယ်။