MySport Myanmar

စပိန် နဲ့ ဂျာမနီအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂) တတိယနေ့ပွဲစဉ်တွေထဲကမှ မနက်(၁)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

စပိန်ကတော့ ကော်စတာရီကာနဲ့ပွဲမှာ တိုက်စစ်စွမ်းရည် ပြသနိုင်ခဲ့ပြီး သွင်းဂိုး(၇)ဂိုးထိတောင် သွင်းယူနိုင်ခဲ့သလို ပွဲစဉ်(၁)မှာ ဂိုးသွင်းအများဆုံးအသင်း ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားတုန်းက အိမ်ရှင်အသင်းကို ရှုံးနိမ့်ခဲ့ရင်း ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာထားခဲ့ရတဲ့ ပုံစံမျိုး မဟုတ်တော့ပဲ ပိုမို ကောင်းမွန်လာခဲ့တဲ့ စပိန်ဟာ ဒီအုပ်စုအတွင်းမှာလည်း အုပ်စုဗိုလ်နေရာကို ရယူသွားနိုင်ဖို့အတွက် ရေပန်းစားလျက် ရှိနေသလို အခု ဂျာမနီနဲ့ ဆုံတွေ့ချိန်မှာလည်း သူတို့ရဲ့ ပုံစံကောင်း ဆက်လက် ပြသသွားနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Hindustan Time

ကမ္ဘာ့ဖလားမှာ (၄)ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ဂျာမနီက ဂျပန်နဲ့ပွဲမှာ ပထမပိုင်းတစ်ပိုင်းလုံး ကောင်းမွန်သလောက် ဒုတိယပိုင်းမှာ ဂျပန်ရဲ့ ဖိအားပေးမှုတွေကနေ ဂိုးတွေ ခွင့်ပြုခဲ့ရရင်းနဲ့ အဖွင့်ပွဲကို အရေးနိမ့်ခဲ့ရပါတယ်။ မထင်မှတ်ပဲ ရှုံးပွဲတွေ့ထားခဲ့ရတဲ့ ဂျာမနီတို့ ဒီပွဲကို လုံးဝ အမှားထပ်ခံလို့ မဖြစ်တော့တာ အမှန်ပါပဲ။ ခက်တာက သူတို့ ရင်ဆိုင်ရမယ့် အသင်းဟာ အဖွင့်ပွဲမှာ ဂိုးပြတ်ခြေပြတ်နဲ့ကို အနိုင်ရထားတဲ့ စပိန် ဖြစ်နေတာကြောင့် ဂျာမနီတို့ အခုပွဲမှာ နိုင်ပွဲ ပြန်လည် ရယူဖို့ဆိုတာ အတော်လေး ခက်ခဲနိုင်ပါတယ်။

Photo Credit : The Sun

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောအသင်းအချင်းချင်း အထူးသဖြင့် ဥရောပထိပ်သီး အသင်းအချင်းချင်း ဆုံတွေ့မှုက အရမ်းကို အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။ ဒါပေမယ့် ဒီပွဲကို ဂျာမနီက နိုင်မှဖြစ်တော့မယ်ဆိုတဲ့ ဖိအားတွေနဲ့အတူ ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ဒါက ကစားသမားတွေအတွက် သူတို့ရဲ့ performance တွေကို အကောင်းဆုံး ပြသဖို့ တွန်းအားလည်း ဖြစ်နိုင်သလို ဖိအားလည်း ဖြစ်သွားစေနိုင်ပါတယ်။ နှစ်သင်းလုံးက တကယ့်ကို ထိပ်တန်းအသင်းတွေလည်းဖြစ်လို့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အကြိတ်အနယ် ကစားကြမှာဖြစ်ပေမယ့်လည်း လက်ရှိအခြေအနေအရတော့ စပိန်တို့ ဂျာမနီကို မရှုံးနိုင်လောက်ပါဘူး။ အနိမ့်ဆုံး သရေရအောင် ကစားနိုင်ပါလိမ့်မယ်။

Exit mobile version