MySport Myanmar

ပေါ်တူဂီ နဲ့ ဥရုဂွေးအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂)တွေရဲ့ နောက်ဆုံးနေ့ပွဲစဉ်တွေထဲကမှ မနက်(၁)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ပေါ်တူဂီအသင်းနဲ့ ဥရုဂွေးအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

ပေါ်တူဂီကတော့ ရော်နယ်လ်ဒိုရဲ့ စံချိန်တင် သွင်းဂိုးနဲ့အတူ ဂါနာကို အနိုင်ရခဲ့ပြီး တာထွက်လှခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ပေါ်တူဂီခံစစ်က ဂါနာရဲ့ သွင်းဂိုးနှစ်ဂိုးကိုတောင် ပြန်လည် ခွင့်ပြုခဲ့ရသလို ပွဲပြီးခါနီးလေးမှာလည်း ဂိုးသမားရဲ့ ပေါ့လျော့မှုကြောင့် ဂါနာကို တတိယမြောက် ချေပဂိုး ထပ်ပေးရလုနီးပါးပါ ဖြစ်လိုက်ရပါသေးတယ်။ ပေါ်တူဂီကတော့ အခုပွဲမှာ ကစားသမား အပြောင်းအလဲတွေ ပိုမို လုပ်ဆောင်လာနိုင်ပြီး ကွင်းလယ်မှာ ကစားပုံချင်း ထပ်နေတဲ့ ကစားသမားတွေကို အပြောင်းအလဲ လုပ်လာနိုင်သလို တိုက်စစ်ကစားပုံ ထက်မြက်လှတဲ့ လီယာအိုကိုလည်း lineup ထဲ အသုံးပြုလာနိုင်ပါတယ်။

Photo Credit : Sports Mole

တောင်ကိုရီးယားပွဲမှာ ဂိုးဝင်နိုင်လောက်တဲ့ ကန်ချက်နှစ်ကြိမ် တိုင်ထိသွားခဲ့ရတာက ဥရုဂွေးအတွက် နစ်နာခဲ့ရပါတယ်။ နိုင်ပွဲ ရသင့်ခဲ့တဲ့ ပွဲစဉ်မှာ သရေတစ်မှတ်သာ ရရှိခဲ့တဲ့ ဥရုဂွေးအနေနဲ့ အုပ်စု ဒုတိယမြောက်ပွဲစဉ်မှာ ပေါ်တူဂီလို အသင်းမျိုးနဲ့ ရင်ဆိုင်သွားရမှာက ပိုလို့တောင် ဖိအားများသွားစေနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားတုန်းကတော့ နှစ်သင်းထိပ်တိုက် ဆုံတွေ့ထားချိန်မှာ ပေါ်တူဂီကို ဥရုဂွေးအသင်းက ကာဗာနီရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူထားခဲ့ဖူးပါတယ်။

Photo Credit : Sporting News

ပေါ်တူဂီနဲ့ ဥရုဂွေးတို့က အုပ်စု(H)မှာ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မယ့် အသင်းတွေလို့ ယူဆထားခဲ့ကြပေမယ့်လည်း ဥရုဂွေးက အဖွင့်ပွဲမှာ အမှတ်ပြည့်မရခဲ့လို့ အခုပွဲကို ပိုမို အားထည့်ရပါတော့မယ်။ ပေါ်တူဂီကလည်း ၂၀၁၈ရှုံးကြွေးကို ပြန်ဆပ်ဖို့နဲ့ နောက်တစ်ဆင့်ဆီ စောစောစီးစီး တတ်လှမ်းနိုင်ဖို့အတွက် သေချာ ပြင်ဆင်လာမှာပါ။ ဒါ့အပြင် ခံစစ်ပိုင်းက ဂါနာနဲ့ပွဲကလို ပေးဂိုးတွေ အလွယ်တကူ ခွင့်မပြုရအောင်လို့လည်း သတိထားလာပါလိမ့်မယ်။ နှစ်သင်းလုံးအတွက်ကတော့ ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်နေမှာကတော့ အသေအချာပါပဲ။ အပြန်အလှန် အကြိတ်အနယ် ကစားကြပြီး သရေကျသွားနိုင်ဖွယ် ရှိပါတယ်။

Exit mobile version