MySport Myanmar

ခရိုအေးရှား နဲ့ ကနေဒါအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂) တတိယနေ့ပွဲစဉ်တွေထဲကမှ ညနေ(၁၀)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ခရိုအေးရှားအသင်းနဲ့ ကနေဒါအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

၂၀၁၈ကမ္ဘာ့ဖလားတုန်းက ဒုတိယရခဲ့တဲ့အသင်း Nations League မှာ ဆီမီးဖိုင်နယ် တတ်လှမ်းထားတဲ့အသင်း ခရိုအေးရှားက ကာတာကမ္ဘာ့ဖလား အဖွင့်ပွဲမှာတော့ မော်ရိုကိုနဲ့ ဂိုးမရှိသရေကျခဲ့ရပြီး တစ်မှတ်သာ ပိုင်ဆိုင်ထားခဲ့တာဖြစ်လို့ အခုပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ဒီပွဲပြီးတာနဲ့ အုပ်စုနောက်ဆုံးပွဲမှာ အုပ်စုအတွင်း အင်အားအကြီးဆုံး အသင်းဖြစ်တဲ့ ပြင်သစ်နဲ့ ဆက်လက် ရင်ဆိုင်ရဦးမှာဖြစ်လို့ ခရိုအေးရှားအနေနဲ့ ကနေဒါကို အနိုင်ကစားဖို့က တကယ်ကို လိုအပ်နေတာမို့ မော်ရိုကိုနဲ့ပွဲကထက် ပိုပြီး အားထည့်လာနိုင်ပါတယ်။

Photo Credit : Freetips

ကနေဒါကတော့ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ ရလဒ်အရသာ ရှုံးနိမ့်ခဲ့ပေမယ့် ဘယ်လ်ဂျီယံကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တဲ့အပြင် ပွဲချိန်ပြည့်နီးပါးလောက်ပါ ဖိအားပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အတွေ့အကြုံ နုနယ်တယ် ဆိုပေမယ့်လည်း ကနေဒါမှာက လူငယ်ကစားသမားကောင်းတွေ ပါဝင်နေသလို ကစားအားကလည်း မထင်ထားလောက်အောင် ကောင်းမွန်တာဖြစ်လို့ နောက်ထပ် ဥရောပအင်အားကြီး အသင်းတစ်သင်းကို ဘယ်လို အခက်တွေ့အောင် ကစားပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Photo Credit : Sporting News

ခရိုအေးရှားက အသင်းကောင်းတစ်သင်း ဆိုပေမယ့် မော်ရိုကိုနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ ၂၀၁၈ကမ္ဘာ့ဖလားဖိုင်နယ်ကလို အမှားမျိုးတွေ ထပ်မံ လုပ်ဆောင်မိမှာကို စိုးရိမ်စိတ်နဲ့ သေချာ ကစားနိုင်ခြင်း မရှိသလို တိုက်စစ်ကလည်း လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲက သူတို့အသင်းအတွက် အနိုင်ရထားမှ ဖြစ်တော့မယ့် ပွဲစဉ်ဖြစ်လို့ ကနေဒါဟာ သူတို့အတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်နေမယ်ဆိုရင်တောင်မှ နိုင်ပွဲရအောင် ကြိုးပမ်းကစားမှာက သေချာနေပါတယ်။ ဒီပွဲကလည်း ခရိုအေးရှားအတွက် ခက်ခဲမယ့်ပွဲ ဖြစ်လာဦးမယ်ဆိုပေမယ့် ခရိုအေးရှားပဲ နိုင်ပွဲရလိမ့်မယ်လို့ ထင်မိပါတယ်။

Exit mobile version