MySport Myanmar

ဘယ်လ်ဂျီယံ နဲ့ မော်ရိုကိုအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂) တတိယနေ့ပွဲစဉ်တွေထဲကမှ ညနေ(၇)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ မော်ရိုကိုအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

ဘယ်လ်ဂျီယံအသင်းက အဖွင့်ပွဲမှာ ကနေဒါကို အနိုင်ရခဲ့ပေမယ့် အသင်းကြီးတစ်သင်းရဲ့ စွမ်းဆောင်မှုမျိုး မပြသနိုင်ခဲ့သလို ကနေဒါရဲ့ ပွဲအစပိုင်း ရရှိခဲ့တဲ့ ပင်နယ်တီကို ကော်တိုအာ ကာကွယ်နိုင်ခဲ့လို့သာ သက်သာခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ဘယ်လ်ဂျီယံ ခံစစ်ကလည်း ပြိုင်ဘက်ရဲ့ ထိုးဖောက်မှု မှန်သမျှကို ခွင့်ပြုခဲ့ရပြီး အခုပွဲမှာတော့ ကနေဒါထက် ပိုမို ကောင်းမွန်တဲ့ မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဘယ်လ်ဂျီယံထက် tough game ဖြစ်လာနိုင်ပါတယ်။

Photo Credit : Jefe Bet

မော်ရိုကိုကတော့ အဖွင့်ပွဲမှာ ခရိုအေးရှားနဲ့ ဂိုးမရှိသရေ ကစားထားနိုင်ခဲ့ပြီး အခုလည်း နောက်ထပ် ဥရောပ အသင်းကောင်းတစ်သင်းနဲ့ ထပ်မံ ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။ မော်ရိုကိုက ခရိုအေးရှားဆီကနေ သရေတစ်မှတ် ရယူနိုင်ခဲ့ပြီး ဒါဟာ သူတို့အတွက် စိတ်ကျေနပ်စရာ ရလဒ်မျိုး ဖြစ်သလို အခု ဘယ်လ်ဂျီယံနဲ့ပွဲမှာလည်း ရှုံးပွဲမရှိရေးကိုသာ ဦးတည်ကစားလာနိုင်သလို ခံစစ်ပိုင်းကိုပဲ ဦးစားပေးလာဖွယ် ရှိနိုင်ပါတယ်။

Photo Credit : The Sun

ဒီနှစ်သင်းဟာ ၂၀၀၈ခုနှစ်တုန်းက နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံထားခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ မော်ရိုကိုက အပြတ်အသတ်ကို အနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ် ထွက်ပေါ်ခဲ့တာဟာ ဆယ်စုနှစ်တစ်ခုကျော်လောက်တောင် ကြာမြင့်နေပြီ ဖြစ်သလို လက်ရှိမှာတော့ ဘယ်လ်ဂျီယံက မော်ရိုကိုထက် အရာရာ သာလွန်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လ်ဂျီယံရဲ့ ခြေစွမ်းပိုင်းက အားရစရာ မရှိသေးပဲ လူကာကူပါ ဒီပွဲကို ထပ်လွဲရဦးမှာဖြစ်လို့ ကျစ်လစ်မှုရှိတဲ့ မော်ရိုကိုခံစစ်ကို ထိုးဖောက်ဖို့ ခက်ခဲနိုင်ပါတယ်။ ခက်ခက်ခဲခဲ ကစားရင်းနဲ့ ဘယ်လ်ဂျီယံတို့ တစ်ဂိုးတည်း ကပ်နိုင်ဖို့ ရှိနေသလို မော်ရိုကို ကစားအားကြောင့်လည်း သရေကျသွားနိုင်ပါတယ်။

Exit mobile version