ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် သူ့ရဲ့ တပည့်ဟောင်း တဦး ဖြစ်သူ ဘစ်ဆူးမားကို ခေါ်ယူချင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မက်လောက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ဂျော်ဂျင်ဟို ၊ ကိုဗာဆစ် ၊ ကန်တီ ၊ ဂါလက်ချာ ၊ လော့ဖ်တပ်ချိ ၊ မေဆန်မောင့် ၊ ချူကွေမီကာ ၊ ဇာကာရီယာ (အငှား) စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ကန်တီနဲ့ လော့ဖ်တပ်ချိတို့က ဒဏ်ရာလူသားတွေ ဖြစ်နေသလို ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့က အကျပိုင်းကို ရောက်နေကြပြီး ဂါလက်ချာ ၊ မေဆန်မောင့်နဲ့ ချူကွေမီကာတို့ရဲ့ ခြေစွမ်းတွေကလည်း တနေ့ရွှေ ၊ တနေ့ငွေ ဖြစ်နေပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာနဲ့ ဘုတ်အဖွဲ့က ယခု ဆောင်းဈေးကွက် အတွင်းမှာ ကွင်းလယ်လူ တဦးကို ထပ်မံ ခေါ်ယူဖို့ ဆက်လက် လှုပ်ရှားနေပြီး ချယ်လ်ဆီးက ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှု တရပ် လုပ်ခဲ့ပေမယ့် ဘရိုက်တန်ဘက်က သူတို့ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းပဲ ပယ်ချခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ မက်လောရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက သူနဲ့ ဘရိုက်တန်မှာ အတွဲညီဖူးတဲ့ စပါးကွင်းလယ်လူ ဘစ်ဆူးမားကို ခေါ်ယူဖို့ ဆန္ဒရှိနေကာ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပေါ်တာရဲ့ တောင်းဆိုမှုအရ ဘစ်ဆူးမား အတွက် ကမ်းလှမ်းမှု တရပ် လုပ်ခဲ့ပြီး စပါးကတော့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။

Photo Credit: Football London

ချယ်လ်ဆီးဟာ ဘစ်ဆူးမား အတွက် ဇီရက်ဇ် + ပြောင်းရွှေ့ကြေး ဆိုတဲ့ ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့တာ ဖြစ်ပြီး စပါးက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကမှ ခေါ်ယူထားတဲ့ ဘစ်ဆူးမားကို လျှော့ဈေးနဲ့ ပြန်လည် ရောင်းချဖို့ စိတ်ကူးမရှိပဲ ဘစ်ဆူးမားကို လိုချင်ရင် ချယ်လ်ဆီးဟာ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် အထိ အသုံးပြုရနိုင်ကြောင်း မက်လောက ဆိုပါတယ်။

အသက် ၂၆နှစ် အရွယ် ဗဟိုကွင်းလယ်လူ ဘစ်ဆူးမားက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာမှ ဘရိုက်တန် ကနေ စပါးထံ ပြောင်းရွှေ့ကြေး ၃၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက စပါးအတွက် ဒီရာသီမှာ စုစုပေါင်း ၂၂ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး တဂိုးမှ မသွင်းထားနိုင်သလို ဂိုးဖန်တီးမှုလည်း မလုပ်ဆောင်ထားပါဘူး။