MySport Myanmar

လီဗာပူးနဲ့ပွဲမှာ မူဒရစ်ခ်ကို ထုတ်သုံးဖို့ စီစဉ်ထားကြောင်း ပြောလာတဲ့ ပေါ်တာ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ သူတို့ရဲ့ အသစ်စက်စက် ကစားသမား ဖြစ်သူ မူဒရစ်ခ်ကို အသုံးပြုဖို့ စီစဉ်ထားကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက အသက် ၂၂နှစ် အရွယ် ယူကရိန်း လူငယ် တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်ကို ယူကရိန်း နာမည်ကြီးကလပ် ရှက်တာဒိုးနက်ထံ ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း အထိ ပေးချေကာ ခေါ်ယူထားတာ ဖြစ်ပါတယ်။

Photo Credit: Mirror

ယူကရိန်း လူငယ်ကြယ်ပွင့် မူဒရစ်ခ်က မြန်နှုန်းမြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး ပြိုင်ဘက်တွေကို တဦးချင်း လိမ်ခေါက် ဖြတ်ကျော်ရာမှာ ကောင်းမွန်သလို ဂိုးသွင်းတဲ့ နေရာမှာရော ၊ ဂိုးဖန်တီးတဲ့ အပိုင်းမှာပါ ထိပ်တန်းအဆင့် အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူပါ။

ဒါကြောင့်လည်း ချယ်လ်ဆီးပရိသတ်တွေက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် လီဗာပူးနဲ့ ပွဲကျပ်မှာ မူဒရစ်ခ် ကစားတာကို မြင်ချင်နေပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာကလည်း မူဒရစ်ခ်ဟာ ပြိုင်ပွဲတွေ မကစားရတာ ကြာနေပြီ ဖြစ်ပေမယ့် အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်တာကြောင့် လီဗာပူးနဲ့ပွဲမှာ မူဒရစ်ခ်ကို မြင်ရမယ်လို့ ဆိုလာပါတယ်။

Photo Credit: Mirror

ဂရေဟမ် ပေါ်တာက – “မူဒရစ်ခ်က ပွဲတွေ မကစားရတာ ကြာနေပါပြီ။ ဒါပေမယ့် သူက လေ့ကျင့်ရေးကွင်းမှာ အတော်လေး ခြေစွမ်းပြထားနိုင်ပါတယ်။ ဒါကြောင့် သူက ဒီညပွဲကို ဝင်ရောက် ကစားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လူတိုင်းကို မူဒရစ်ခ်ဟာ မတူညီတဲ့ လိဂ်တခုကနေ ရောက်လာတဲ့ ကစားသမားသစ် တယောက် ဆိုတာကိုတော့ သတိပေးချင်ပါတယ်။ သူက လူငယ် ကစားသမား တယောက် ဖြစ်သလို အလားအလာကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ သူက အတွေ့အကြုံ တချို့လည်း ရထားပြီးပါပြီ။ သူက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version