ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာကတော့ သူဟာ နည်းပြဟောင်း တူဟယ်လ်ရဲ့ လက်အောက်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရတဲ့ အမေရိကန် တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်ကို နေရာပေးသွားဖွယ် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အမေရိကန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ခရစ်ရှန် ပူလီဆစ်က ၂၀၁၉ခုနှစ်မှာ ဒေါ့မွန်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၄သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကျန်ရှိနေသေးသူပါ။

Photo Credit: Sports Bible

ပူလီဆစ်က အလိမ်အခေါက် ကောင်းသလို တိုးအား ရုန်းအားလည်း ကောင်းမွန်တဲ့ တောင်ပံကစားသမား တဦး ဖြစ်ပေမယ့် ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်ရဲ့ လက်အောက်မှာတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပြီး တူဟယ်လ်က ပူလီဆစ်ဟာ ကြံ့ခိုင်မှု အားနည်းလွန်းသလို သူ့ရဲ့ နည်းစနစ်နဲ့ အံဝင်အောင် ကစားနိုင်စွမ်း မရှိတာကြောင့် ပွဲထွက် လူစာရင်းမှာ ပါဝင်ဖို့ အတွက် ကြိုးစားရန် လိုအပ်သေးကြောင်း မှတ်ချက်ပေးဖူးပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးက နည်းပြအပြောင်းအလဲ လုပ်ထားတာကြောင့် ပူလီဆစ်ဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ မျှော်လင့်နေပြီး ပေါ်တာကလည်း သူဟာ ပူလီဆစ်နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ အပေါင်းလက္ခဏာ ဆောင်ခဲ့တာကြောင့် ပူလီဆစ်ကို ပွဲထွက် ကစားသမား အဖြစ် အသုံးပြုဖွယ် ရှိကြောင်း ပဲလေ့စ်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

 

Photo Credit: Sports Bible

ပူလီဆစ်နဲ့ ပတ်သတ်ပြီး ဂရေဟမ် ပေါ်တာက – “ပူလီဆစ်ရဲ့ အခြေအနေက ကောင်းပါတယ်။ သူက တော်တဲ့ ကောင်လေး တယောက်ပါ။ ကျွန်တော်က သူနဲ့ စကားပြောကြည့်ပြီးပါပြီ။ အားလုံး အဆင်ပြေပြေပါပဲ။ ကျွန်တော်က ကစားသမားတွေကို အတိတ်မှာ သူတို့ ဘာတွေဖြစ်ခဲ့လဲ ၊ လုပ်ခဲ့လဲ အပေါ် မူတည်ပြီး ဆုံးဖြတ်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်တတ်သူပါ။ ကျွန်တော်ကတော့ ကစားသမားတွေရဲ့ ဘောလုံးအရည်အသွေးကို ကြည့်ပြီးပဲ ဆုံးဖြတ်ပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။