ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စ်တွန်ဗီလာကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာ အတွက် သူ့မှာ တာဝန်ရှိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် အသည်းအသန် ကြိုးစားနေတဲ့ ချယ်လ်ဆီးက ယမန်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အဖြစ် အက်စ်တွန်ဗီလာကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရာ ကစားပုံအရ အသာစီး ရခဲ့ပေမယ့် ဂိုးသွင်း မသေချာမှု ၊ ခံစစ်ပိုင်း ယိုယွင်းမှုတို့ကြောင့် ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲမှာ ပေါ်တာက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ချယ်လ်ဆီးဟာ ပွဲစပွဲဆုံး ဧည့်သည် ဗီလာဘက်ကို တရစပ် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် နည်းစနစ်ပိုင်း ထူးချွန်တဲ့ အူနိုင်း အမ်မရီ ဦးဆောင်နေတဲ့ ဗီလာဟာ တပွဲလုံးနီးပါး ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ဆော့ကစားနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးဘက်ကို ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဗီလာက သေသပ်တဲ့ ကစားပုံတွဲလုံးတွေနဲ့ ချယ်လ်ဆီးဘက်ကို တန်ပြန် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဗီလာအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၈မိနစ်မှာ အဓိက တိုက်စစ်မှူး ဝက်စ်ကင်းနဲ့ ပွဲချိန် ၅၆မိနစ်မှာ အသင်းခေါင်းဆောင် ကွင်းလယ်လူ မက်ဂင်းတို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: BBC

ဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးက အမှတ်ပေးဇယားရဲ့ အဆင့်(၁၁)နေရာ အထိ ရောက်ရှိသွားခဲ့ပြီး သူတို့အသင်းရဲ့ အဓိကပစ်မှတ် ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရဖို့ မလွယ်တော့သလို ယူရိုပါလိဂ်ဝင်ခွင့် ရဖို့တောင် မသေချာတော့တဲ့ အနေအထားမျိုးကို ရောက်ရှိသွားခဲ့ပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာကတော့ ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအတွက် တာဝန်ရှိသူဟာ သူတဦးထဲသာ ဖြစ်ကြောင်း ဆိုလာပါတယ်။

ဂရေဟမ် ပေါ်တာက – “ကျွန်တော်တို့အသင်းက ဂိုးဧရိယာ နှစ်ခုစလုံးမှာ ဒုတိယ အကောင်းဆုံးအသင်း ဖြစ်ခဲ့တာပါ။ သူတို့ရဲ့ ပထမသွင်းဂိုးက ကျွန်တော်တို့ အတွက် အတော်လေး စိတ်ပျက်စရာကောင်းတဲ့ သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က အဲ့ဒီသွင်းဂိုးမှာ ပိုကောင်းတဲ့ ခံစစ်ကစားဟန်မျိုး ပြသနိုင်ခဲ့သင့်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အတွက် ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ခင်ဗျားတို့က ပွဲရဲ့ အချက်အလက်တွေကို ကြည့်လိုက်ရင် ကျွန်တော်တို့က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ရခဲ့တယ် ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် ရလဒ်ကတော့ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်မျိုး မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့က ရှုံးပွဲ ကြုံခဲ့ရလို့ စိတ်ပျက်နေကြပါတယ်။ ကျွန်တော်တို့က ဒီထက် ပိုကောင်းတဲ့ ခံစစ်ကစားပုံမျိုး ပြသနိုင်သင့်တယ်လို့ ယူဆပါတယ်။ ဒီရှုံးပွဲက ကျွန်တော် တယောက်ထဲနဲ့ပဲ ဆိုင်တာပါ။ ကောင်လေးတွေက ကြိုးစား ကစားခဲ့ကြပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။