ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇) ပွဲကျန်အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူ့အား ဆက်လက် ယုံကြည်ပေးဖို့ ချယ်လ်ဆီးပရိသတ်တွေကို တောင်းဆိုသွားခဲ့ပါတယ်။

အသက် ၄၇နှစ် အရွယ် အင်္ဂလိပ်လူမျိုး နည်းပြတဦး ဖြစ်သူ ဂရေဟမ် ပေါ်တာက စက်တင်ဘာလ ၈ရက်နေ့ကမှ ဘရိုက်တန်ကနေ ချယ်လ်ဆီးဆီ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ကစားပုံနဲ့ ရလဒ်ပိုင်းက အတော်လေး ဆိုးရွားနေခဲ့ပါတယ်။

Photo Credit: Sky Sports

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာလည်း ချယ်လ်ဆီးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် သူတို့ရဲ့ ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို အိမ်ရှင် ဖူလ်ဟမ်ရဲ့ အဝင်အထွက် မြန်မြန်နဲ့ ဆော့ကစားနေမှုကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပဲ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ သွင်းဂိုး ၁ဂိုးစီ ခွင့်ပြုပေးခဲ့ရတာကြောင့် ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးက နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ပွဲမှာ ၂ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၇ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုး တခုကို ပိုင်ဆိုင်ခဲ့ပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာကတော့ ရလဒ်ဆိုးတွေကြောင့် အသင်းပရိသတ်တွေ စိတ်ညစ်နေကြမှာကို နားလည်ပေမယ့် သူ့ကို ဆက်လက် ယုံကြည်ပေးဖို့နဲ့ အတူတူ ခက်ခဲတဲ့ အချိန်ကို ဖြတ်ကျော်ကြမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ပေါ်တာက – “ကျွန်တော်တို့တွေ ရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေ စိတ်ပျက်နေကြမယ် ဆိုတာကို သိပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကျွန်တော်ကတော့ ပရိသတ်တွေဆီ သွားပြီးတော့ သူတို့တွေရဲ့ အားပေးမှုအတွက် လက်ခုပ်တီးကာ ဂုဏ်ပြုပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပရိသတ်တွေရဲ့ အားပေးမှုကို အလေးထားလို့ပါပဲ။ ကစားသမားတွေက ရလဒ်ဆိုးတွေ အတွက် စိတ်ပျက် ဝမ်းနည်းနေကြသလို ပရိသတ်တွေကလည်း စိတ်ပျက် ဒေါသထွက်နေကြပါတယ်။ ကျွန်တော်က ပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အားလုံးအတွက် အရေးအကြီးဆုံး အရာက အတူတကွ ရှိနေဖို့ပါပဲ။ ပရိသတ်တွေနဲ့ ကျွန်တော်တို့တွေ အတူတူ ရှိနေပြီး ဒီလို ခက်ခဲတဲ့ အခိုက်အတန့်ကို ဖြတ်ကျော်ဖို့ ကြိုးစားသွားရမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။