MySport Myanmar

ရိန်းဂျားရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်တဲ့ ချယ်လ်ဆီးနည်းပြဟောင်း ပေါ်တာ

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ဘရိုက်တန် ၊ ချယ်လ်ဆီးတို့ရဲ့ နည်းပြဟောင်း ဂရေဟမ် ပေါ်တာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ငြင်းဆန် ပယ်ချလိုက်ကြောင်း နာမည်ကြီး သတင်း​ဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၄၈နှစ် အရွယ် အင်္ဂလိပ်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက အိုစတာဆန် ၊ ဆွမ်ဆီး ၊ ဘရိုက်တန် ၊ ချယ်လ်ဆီး စတဲ့ ကလပ်တွေကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ၂၀၁၆-၂၀၁၇ခုနှစ်မှာ အိုစတာဆန်နဲ့အတူ ဆွီဒင်ဖလားကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဂရေဟမ် ပေါ်တာက နည်းပြဘဝမှာ ဆုဖလား တလုံးထဲသာ ရယူထားနိုင်ပေမယ့် သူ့ရဲ့ တိုက်စစ်အသားပေး ကစားဟန်နဲ့ လူငယ် ကစားသမားတွေကို စင်တင်ပေးနိုင်မှုတို့ကြောင့် နာမည်ကြီးပြီး ဂရေဟမ် ပေါ်တာဟာ ဘရိုက်တန်မှာ သူ့ဘဝရဲ့ အအောင်မြင်ဆုံး အချိန်တွေကို ရရှိခဲ့ပါတယ်။

ဂရေဟမ် ပေါ်တာက ဘရိုက်တန်ကို ၃ရာသီကြာ ကိုင်တွယ်ခဲ့ရာ ၁၃၄ပွဲမှာ ၄၃ပွဲနိုင် ၊ ၄၃ပွဲသရေ ၊ ၄၈ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ရယူနိုင်ခဲ့သလို ကူကူရယ်လာ ၊ ထရော့ဆက် ၊ ကိုင်စီဒို ၊ ဘစ်ဆူးမား ၊ အယ်လစ္စတာ ၊ မီတိုမာ ၊ ရီနာတို ဆန်းချက်ဇ် ၊ မော်ပေး စတဲ့ ကစားသမားတွေကို စင်တင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဂရေဟမ် ပေါ်တာက နည်းစနစ်ပိုင်း ကောင်းမွန်သလို လူငယ် ကစားသမားတွေကို မြေတောင် မြှောက်ပေးနိုင်ပေမယ့် အင်အားကြီးကလပ် ဖြစ်တဲ့ ချယ်လ်ဆီးမှာ ရလဒ်ကောင်းတွေ မရခဲ့တာကြောင့် ၁နှစ် မပြည့်ခင်မှာတင် ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း မကြာခင် နည်းပြအပြောင်းအလဲ လုပ်တော့မယ့် ရိန်းဂျားရဲ့ ကမ်းလှမ်းမှုကို ထပ်မံ ငြင်းဆန် ပယ်ချခဲ့ပြီး ပေါ်တာဟာ နာမည်ကြီးကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ရမှသာ အသင်းပြောင်းဖို့ စဉ်းစားမယ်လို့ သိရပါတယ်။

Exit mobile version