ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅)မှာ ဆဲလ်ဘက်ကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု(E) အတွင်းမှာ အေစီမီလန် ၊ ဆဲလ်ဘက် ၊ ဒိုင်နမို ဇာဂရက်ဘ်တို့နဲ့ တအုပ်စုထဲ ကျရောက်နေရာ အုပ်စု ပွဲစဉ်(၅) အပြီးမှာ ၃ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အုပ်စုပွဲ တပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ ရမှတ် ၁၀မှတ် အထိ ရယူထားနိုင်သလို တတိယနေရာမှာ ရှိနေတဲ့ ဆဲလ်ဘက်နဲ့ ရမှတ် ၄မှတ် အထိ ကွာဟသွားတာကြောင့် ရှုံးထွက်အဆင့်ဆီ လွတ်လွတ်ကျွတ်ကျွတ်နဲ့ တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Sports Max

ဩစတီးယားမြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဆဲလ်ဘက်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲတပွဲ ဖြစ်ပြီး ဒီပွဲမှာ အနိုင်ရတဲ့ အသင်းက ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြကာ ဧည့်သည် ချယ်လ်ဆီးကတော့ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။

ဆဲလ်ဘက် ၁-၂ ချယ်လ်ဆီးပွဲစဉ်မှာ ဧည့်သည် ချယ်လ်ဆီးက တပွဲလုံးနီးပါး ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ချယ်လ်ဆီး အတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၂မိနစ်မှာပဲ ကွင်းလယ်လူ ကိုဗာဆစ်က သွင်းယူပေးခဲ့ပါတယ်။ ချယ်လ်ဆီးက အဖွင့်ဂိုး ရရှိပြီးနောက် ဆက်လက် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မံ သွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ပထမပိုင်းဟာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

 

Photo Credit: Sports Max

ဒုတိယပိုင်းမှာတော့ ဆဲလ်ဘက်က ချေပဂိုး ပြန်လည် ရရှိဖို့ အတွက် တင်ကစားလာခဲ့ပြီး ပွဲချိန် ၄၈မိနစ်မှာပဲ တိုက်စစ်မှူး အဒါမူက ဆဲလ်ဘက် အတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆဲလ်ဘက်ရဲ့ အပျော်ဟာ ကြာကြာ မခံခဲ့ပဲ ပွဲချိန် ၆၄မိနစ် အရောက်မှာတော့ ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ ကိုင် ဟားဗက်က ဂိုးဧရိယာထိပ် ကနေ လှပတဲ့ အဝေးကန်ချက်နဲ့အတူ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဆဲလ်ဘက်ကို အနိုင်ရရှိကာ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက အသင်းရဲ့ ခြေစွမ်းပိုင်းကို အားရကျေနပ်မှု ရှိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ ပေါ်တာက – “ဒီနေ့ပွဲမှာ အသင်းရဲ့ ခြေစွမ်းပိုင်း အတွက် အရမ်းကို ကျေနပ်ပါတယ်။ ဆဲလ်ဘက်ကို အဝေးကွင်းမှာ အနိုင်ကစားဖို့ ဆိုတာ မလွယ်ကူပါဘူး။ သူတို့က အရည်အသွေးမြင့် ကစားသမားတွေ ပြည့်နေတဲ့ အသင်းတသင်းပါ။ ဒါကြောင့် ကျွန်တော်တို့က ဆဲလ်ဘက်ကို အနိုင်ရဖို့ အတွက် ကောင်းမွန်တဲ့ ကစားကွက် တခု ရအောင် ကစားဖို့ လိုအပ်ခဲ့သလို ကျွန်တော်တို့ရဲ့ ကစားပုံကလည်း ကောင်းခဲ့ပါတယ်” လို့ အသင်းရဲ့ ကစားသမားတွေကို ချီးကျူးသွားခဲ့တာပါ။