ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းဟောင်း ဘရိုက်တန်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပေမယ့် သူတို့ကို နိုင်သွားတဲ့ ဘရိုက်တန်ကို ဂုဏ်ပြုချင်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ရထားတဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ လွဲမှားတဲ့ လူထုတ်ပုံတွေ ၊ မှားယွင်းတဲ့ ကစားကွက် ခင်းကျင်းမှုတွေကြောင့် ခြေစွမ်းကောင်းနေတဲ့ ဘရိုက်တန်ကို ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပဲ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Sports Max

ဘရိုက်တန်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အဆိုပါပွဲမှာ ဘရိုက်တန်ဟာ ပွဲစတင်ကတည်းက ချယ်လ်ဆီးဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ချယ်လ်ဆီးရဲ့ အထလေးမှုကြောင့် ပွဲချိန် ၁၄မိနစ် အတွင်းမှာပဲ ဘရိုက်တန်ဘက်က ဦးဆောင်ဂိုး ၂ဂိုး အထိ ရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပြီးနောက် ချယ်လ်ဆီးက ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ဖို့ တင်ကစားလာခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အပိုင် အခွင့်အရေးတွေကို လွဲချော်ခဲ့မှုကြောင့် ချေပဂိုး ပြန်ရဖို့ ခက်ခဲခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာတော့ ဘရိုက်တန်က ဘယ်နောက်ခံလူ အူစတူပီနန်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် နောက်ထပ် ဦးဆောင်ဂိုး တဂိုး ထပ်မံ ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးနည်းပြ ပေါ်တာက အသင်းရဲ့ ကစားကွက်ကို အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့တာကြောင့် ချယ်လ်ဆီးရဲ့ ကစားဟန်ဟာ ပထမပိုင်းထက် ပိုကောင်းလာခဲ့ပြီး ပွဲချိန် ၄၈မိနစ်မှာပဲ ဟားဗက်က ချယ်လ်ဆီး အတွက် သိက္ခာဆယ် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ချေပဂိုး တဂိုး ရရှိပြီးနောက် ချယ်လ်ဆီးက နောက်ထပ် ချေပဂိုးတွေ ပြန်လည် ရရှိဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဘရိုက်တန်ရဲ့ ခံစစ်ကြောင်းကို မကျော်နိုင်ခဲ့တာကြောင့် ချေပဂိုးတွေ ထပ်မံ မရတော့ပဲ နာကျင်အချိန်ပို အရောက်မှာတော့ ဘရိုက်တန် ညာနောက်ခံလူ ဂရော့စ်က ပွဲသိမ်းဂိုးကို တန်ပြန်တိုက်စစ် ကနေ တဆင့် သွင်းယူပေးခဲ့ပြန်ပါတယ်။

Photo Credit: Sports Max

ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်ဟာ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာရဲ့ ချယ်လ်ဆီးနည်းပြဘဝ ပထမဦးဆုံး ရှုံးပွဲ ဖြစ်ခဲ့ပေမယ့် ပေါ်တာက သူ့ရဲ့ အသင်းဟောင်း ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ရတာကြောင့် ရှုံးပွဲအတွက် စိတ်ညစ်နေတာမျိုး မရှိပဲ သူတို့အသင်းကို အနိုင်ရသွားတဲ့ ဘရိုက်တန်ကိုလည်း ပွဲအပြီးမှာ ဂုဏ်ပြုသွားခဲ့ပါသေးတယ်။

ပေါ်တာက – “ကျွန်တော်တို့ကို နိုင်သွားတဲ့ ဘရိုက်တန်ကို အရင်ဆုံး ဂုဏ်ပြုချင်ပါတယ်။ သူတို့ရဲ့ ကစားအားက အတော်ကို ကောင်းခဲ့သလို ကျွန်တော်တို့က သူတို့ကို ယှဉ်ကစားနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီရှုံးပွဲအတွက် ကစားသမားတွေကို အပြစ်မတင်ချင်ပါဘူး။ ကျွန်တော်တို့က အသင်းတသင်း ဖြစ်တာကြောင့် ရှုံးရင်လည်း အတူတူ ၊ နိုင်ရင်လည်း အတူတူပါပဲ။ ကျွန်တော်တို့က ကစားသမားတွေ တယောက်ပြီး တယောက် လဲရင်း အနိုင်ရဖို့ အတွက် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဘရိုက်တန်က နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ဘရိုက်တန်ကို ဂုဏ်ပြုချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။