ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အေစီမီလန်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိသွားတဲ့ ဗဟိုနောက်ခံလူ ဖိုဖာနာရဲ့ ဒဏ်ရာဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိကြောင်း ပွဲအပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယမြောက် ပွဲစဉ်အဖြစ် အီတလီ အင်အားကြီးကလပ် အေစီမီလန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ကစားပုံအရ အသာစီး ရယူနိုင်ခဲ့သလို ခံစစ်မှူးတွေ ဖြစ်တဲ့ ဖိုဖာနာ ၊ ရစ်စီဂျိမ်းစ်တို့ရဲ့ ခြေစွမ်းပြသမှုတွေနဲ့အတူ အေစီမီလန်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်။

Photo Credit: The Times

ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင် ချယ်လ်ဆီးက ဧည့်သည် အေစီမီလန်ထက် ခြေစွမ်းပိုင်းမှာ သိသိသာသာ ပိုကောင်းခဲ့သလို တပွဲလုံး စိုးမိုးမှုအပြည့်နဲ့ ကစားသွားနိုင်ခဲ့ပြီး အေစီမီလန်ကတော့ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် ချယ်လ်ဆီးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ ခံစစ်မှူးတွေ ဖြစ်ကြတဲ့ ဖိုဖာနာ ၊ ရစ်စီဂျိမ်းစ်တို့ဟာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် ထင်ထားသလို အလုပ်မဖြစ်ခဲ့ပဲ အရှုံးရလဒ်နဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။

ချယ်လ်ဆီး ၃-၀ အေစီမီလန်ပွဲမှာ ချယ်လ်ဆီး အတွက် သွင်းဂိုးတွေကို ဖိုဖာနာ ၊ အူဘာမီယန်းနဲ့ ရစ်စီဂျိမ်းစ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဖိုဖာနာဟာ အေစီမီလန်နဲ့ပွဲမှာ သူ့ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် တဖက်မှာတော့ ကံမကောင်းစွာနဲ့ပဲ ညာဘက် ဒူးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

Photo Credit: The Times

ဖိုဖာနာက ပွဲကစားချိန် ပထမပိုင်း အတွင်းမှာပဲ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းဖော် ခံစစ်မှူး ချာလိုဘက်နဲ့ လူစားလဲခဲ့ရသလို ပွဲအပြီးမှာလည်း သူ့ကို ဒူးဒဏ်ရာ ရတဲ့ ကစားသမားတွေ အသုံးပြုလေ့ ရှိတဲ့ ဒူးထိန်းညှိုရေး ကိရိယာနဲ့အတူ မြင်တွေ့ခဲ့ရတာကြောင့် ချယ်လ်ဆီးပရိသတ်တွေက ဖိုဖာနာရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး စိုးရိမ်နေကြကာ ချယ်လ်ဆီးနည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာကတော့ သူတို့ဟာ ဖိုဖာနာရဲ့ ဒဏ်ရာ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ ဖိုဖာနာရဲ့ ဒဏ်ရာအခြေအနေဟာ စိုးရိမ်ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဂရေဟမ် ပေါ်တာက – “ဖိုဖာနာရဲ့ ဒဏ်ရာက ဒီနေ့မှာ ကျွန်တော်တို့ အတွက် တခုထဲသော အနုတ်လက္ခဏာ ဆန်ခဲ့တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာကို မနက်ဖြန်မှာ သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ အသိပေးစရာတွေ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာအခြေအနေ အတွက် စိုးရိမ်နေတာတော့ အမှန်ပါ။ ကျွန်တော်တို့က မနက်ဖြန် အထိ စောင့်ပြီး သူ့ရဲ့ အခြေအနေကို အသေးစိတ် စစ်ဆေးပါမယ်။ ကျွန်တော်တို့က ဖိုဖာနာရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သတ်ပြီး အကောင်းဆုံး အရာတွေကိုပဲ မျှော်လင့်ထားပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။