ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယမန်နေ့ညမှာ သူ့ရဲ့ ချယ်လ်ဆီးနည်းပြဘဝ ပထမဦးဆုံး ပရီးမီးယားလိဂ်ပွဲ ဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ် ၁-၂ ချယ်လ်ဆီး ပွဲစဉ်မှာ ချယ်လ်ဆီး ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ ဘောလုံးကို လက်နဲ့ပုတ်ခဲ့မှုဟာ အနီကတ် ပြလို့ရကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ပဲလေ့စ်တိုက်စစ်မှူး အူဒိုရပ်ရဲ့ ပွဲအစမှာတင် သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် အနိုင်ရရှိရေးကို ပွဲပြီးဆုံးအထိ ကြိုးစားခဲ့ရပြီး လူငယ်ကြယ်ပွင့် ကစားသမား ဂါလက်ချာရဲ့ နောက်ကျ အနိုင်ဂိုးကြောင့်သာ ဂရေဟမ် ပေါ်တာရဲ့ ချယ်လ်ဆီးနည်းပြ ပွဲဦးထွက်ဟာ လှပခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်း အတွင်းမှာပဲ ချယ်လ်ဆီးက တယောက်လျော့ အနေအထားနဲ့ ကစားရဖို့ အထိ နီးစပ်ခဲ့ပြီး အဲ့ဒါကတော့ ချယ်လ်ဆီးရဲ့ ဗဟိုခံစစ်မှူး သီယာဂို ဆေးလ်ဗားဟာ ခံစစ်ကြောင်းမှာ သူ တယောက်ထဲ ကျန်တော့ချိန် ပဲလေ့စ်ဘက်က တိုက်စစ်ဆင်လာတဲ့ ဘောလုံးကို လက်နဲ့ပုတ်ကာ တားခဲ့တာကြောင့် အနီကတ် ထိဖို့ နီးစပ်ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

ပဲလေ့စ်ဘက်က တိုက်စစ်ဆင် ကစားချိန်မှာ သီယာဂို ဆေးလ်ဗားဟာ ချယ်လ်ဆီးရဲ့ Last Defender ဖြစ်နေသလို ဘောလုံးကိုလည်း တမင်သက်သက် လက်နဲ့ ပုတ်ခဲ့တာကြောင့် အနီကတ် ပြခဲ့သင့်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ သီယာဂို ဆေးလ်ဗားကို အဝါကတ်သာ ပြသခဲ့ပြီး လက်ရှိမှာတော့ ကွင်းလယ်ဒိုင်ရဲ့ အဆိုပါ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Photo Credit: Metro

ချယ်လ်ဆီးနည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကလည်း ပွဲအပြီးမှာ သီယာဂို ဆေးလ်ဗားရဲ့ လုပ်ရပ်ဟာ အနီကတ် ထိနိုင်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပြီး သီယာဂို ဆေးလ်ဗားဟာ အနည်းငယ် ကံကောင်းသွားခဲ့တယ်လို့လည်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

သီယာဂို ဆေးလ်ဗားရဲ့ အနီကတ် ထိနိုင်တဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ဂရေဟမ် ပေါ်တာက – “သီယာဂို ဆေးလ်ဗားရဲ့ အဖြစ်အပျက်မှာ ကျွန်တော်တို့ ကံကောင်းခဲ့တာကိုတော့ မငြင်းလိုပါဘူး။ အချက်အလက်ကျကျ ပြောရရင်တော့ သီယာဂို ဆေးလ်ဗား ဘောလုံးကို လက်နဲ့ ထိလိုက်တဲ့ နေရာဟာ ဂိုးပေါက်နဲ့ အတော်လေး လှမ်းနေပါသေးတယ်။ အဲ့ဒီအချက်ကြောင့်ပဲ ကွင်းလယ်ဒိုင်က သီယာဂို ဆေးလ်ဗားကို အဝါကတ်ပဲ ပြသခဲ့တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကျွန်တော်က ပက်ထရစ် (ဗီအဲရာ) တယောက် စိတ်ပျက်နေတာကိုလည်း နားလည်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။