ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ မန်ချက်စတာ စီးတီးကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ မရှုမလှ ရှုံးနိမ့်ခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီးနောက် သူတို့အသင်းဟာ ဒုက္ခရောက်နေပြီလို့ ဖွင့်ဟ ဝန်ခံလာပါတယ်။

အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက စက်တင်ဘာလမှ စတင်ကာ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ရလဒ်ပိုင်းနဲ့ ခြေစွမ်းပိုင်းက အကောင်းထက် အဆိုးဘက်ကိုသာ ရောက်ရှိနေပါတယ်။

Photo Credit: 90 Min

ဂရေဟမ် ပေါ်တာရဲ့ ချယ်လ်ဆီးနည်းပြဘဝ အစမှာ ချယ်လ်ဆီးက ပြိုင်ပွဲစုံမှာ ၉ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့သလို အဆိုပါ ၉ပွဲမှာ ၆ပွဲ အထိ အနိုင်ရခဲ့ပေမယ့် သူ့ရဲ့ အသင်းဟောင်း ဘရိုက်တန်ကို ရှုံးနိမ့်ပြီးနောက် ဆက်ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံ ၈ပွဲမှာတော့ ချယ်လ်ဆီးက ၂ပွဲသာ အနိုင်ရခဲ့ပြီး ၁ပွဲသရေကျကာ ၅ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ၆၄သင်းအဆင့် ရှုံးထွက်ပွဲမှာလည်း ပေါ်တာရဲ့ ချယ်လ်ဆီးက အိမ်ရှင် မန်ချက်စတာ စီးတီးကို ယှဉ်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့သလို ပထမပိုင်းမှာဆိုရင် ဂိုးပေါက် ကန်သွင်းခွင့် ၁ကြိမ်တောင် မရခဲ့ပါဘူး။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ချယ်လ်ဆီး ပရိသတ် တချို့က ဂရေဟမ် ပေါ်တာကို အသင်းကနေ ထွက်သွားဖို့ စတင် တောင်းဆိုလာကြပြီး ပေါ်တာကတော့ မန်ချက်စတာ စီးတီး ၄-၀ ချယ်လ်ဆီး ပွဲစဉ်အပြီးမှာ သူတို့အသင်းဟာ လက်ရှိအချိန်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာ မှန်ပေမယ့် ရလဒ်ကောင်းတွေ ပြန်ရလာအောင် အစွမ်းကုန် ကြိုးစားနေကြောင်းနဲ့ သူတို့ကို ယုံကြည်ပေးဖို့ ပြောကြားသွားခဲ့ပါတယ်။

ပေါ်တာက – “ကျွန်တော်တို့တွေ ဒီတလောမှာ ရနေတဲ့ ရလဒ်တွေက ကောင်းမွန်တဲ့ ရလဒ်တွေတော့ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ကျွန်တော်က အကြောင်းပြချက်တွေ (ဒဏ်ရာရ ကစားသမား များပြားနေမှု) ပေးပြီး ဆင်ခြေပေးလို့ ရသလို အသင်းရဲ့ ကစားပုံက မကောင်းသေးဘူးလို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ နှစ်မျိုးစလုံးဟာ မှန်တယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့က ဘောလုံးအသင်း တသင်းအနေနဲ့ ဒုက္ခရောက်နေတယ် ဆိုတာ ကျိန်းသေပါတယ်။ ကျွန်တော်တို့ရဲ့ အခြေအနေက မကောင်းပါဘူး။ ဒါပေမယ့် ဒါက လက်ရှိ ကျွန်တော်တို့ရဲ့ အရှိတရားပါပဲ။ ကျွန်တော်တို့က ဒီအခြေအနေတွေကို ပြောင်းလဲပစ်နိုင်ဖို့ ကိုယ့်အလုပ်ကို ပိုကောင်းအောင် လုပ်ဖို့နဲ့ အလုပ်ကို ကြိုးကြိုးစားစား လုပ်ဖို့ လိုပါတယ်။ ပရိသတ်တွေ စိတ်ပျက်နေကြတာကို နားလည်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။