တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန့်ဂျ် ပိုစတီကိုဂလူးက ပြီးခဲ့တဲ့ ဆောင်းဈေးကွက်တုန်းက လိုက်ပ်ဇစ်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဂျာမနီ တိုက်စစ်ကစားသမား တီမို ဝါနာကို အသင်းဆီ အပြီးသတ် ခေါ်ယူသွားချင်နေတယ်လို့ ဇာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဝါနာဟာ သူနဲ့ တရင်းတနှီးရှိနေတဲ့ လန်ဒန်ဒေသခံ ကလပ်အသင်းဖြစ်တဲ့ စပါးကို ရာသီကုန်အထိ အငှားစာချုပ် + ယူရို (၁၇)သန်းတန် အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Newswav

အသက် (၂၈)နှစ်အရွယ် ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး ဝါနာက လက်ရှိ စပါးအသင်းမှာ (၇)ပွဲ ပါဝင်ထားပြီး (၁)ဂိုးသွင်းယူရင်း (၂)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် အာရှဖလားပွဲကြောင့် စပါးအတွက် မပါဝင်နိုင်ချိန်နဲ့ ရစ်ချာလီဆန် ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်တွေမှာ ဝါနာက စပါးတိုက်စစ်အတွက် အားထားစရာ ကစားသမား ဖြစ်လာခဲ့ရပါတယ်။

အသင်းအတွက် ဂိုးတွေ သိပ်မသွင်းနိုင် ဂိုးတွေ သိပ်မဖန်တီးပေးနိုင်ပေမယ့် ဝါနာက စပါးတိုက်စစ်အတွက် အကျိုးပြုအောင် ကစားပေးထားနိုင်ခဲ့လို့ နည်းပြ ပိုစတီကိုဂလူးက သဘောကျနေပြီး ဝါနာရဲ့ အငှားသက်တမ်း ပြည့်သွားချိန်မှာပါ တစ်ခါတည်း အပြီးသတ် ခေါ်ယူဖို့အထိ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : The Spurs Express

ဝါနာနဲ့ ပတ်သက်ပြီး ပိုစတီကိုဂလူးက “တီမိုက တကယ်ကို အသင်းအတွက် အရေးကြီးတဲ့ ကစားသမားပါ။ ကျွန်တော်တို့က သူ့ကို ဒီအတိုင်း တစ်ခါတည်း အသုံးပြုခဲ့တာ။ သူကလည်း အသင်းအတွက် အကျိုးသက်ရောက်မှုတွေ ရှိလာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။”

“ဒါပေမယ့် သူက ဒီထက်မက ပိုကောင်းလာနိုင်ဦးမယ်လို့ ကျွန်တော် ထင်မိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် အသေအချာကို ပြောနိုင်တယ်။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ဝါနာကိုယ်တိုင်ကလည်း လိုက်ပစ်ဇစ်မှာ နေရာရဖို့ မလွယ်ကူတော့သလို စပါးမှာလည်း ပျော်နေတာမို့ စပါးနဲ့ ဆက်လက် လက်တွဲသွားဖို့သာ ရှိနိုင်ပါတယ်။