MySport Myanmar

VARစနစ်ကို မသုံးသင့်တော့ဘူးလို့ ပြောလာတဲ့ စပါးနည်းပြ ပိုစတီဂိုဂလူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက လတ်တလောမှာ အငြင်းပွားမှုတွေ တသီကြီးနဲ့ ကြုံတွေ့နေရတဲ့ VARစနစ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မသုံးသင့်တော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

 

VARလို့ အတိုကောက်ခေါ်တဲ့ Video Assistant Refereeစနစ်က ရုပ်သံပြကွက်တွေကို ပြန်ကြည့်ကာ ကွင်းလယ်ဒိုင် တယောက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ တီထွင်ထားတဲ့ စနစ် တခုပဲ ဖြစ်ပါတယ်။

Photo Credit: ESPN

VARစနစ်ကို မှန်မှန်ကန်ကန် အသုံးချကာ ဘောလုံးလောကမှာ မတရားခံလိုက်ရတဲ့ ဖြစ်ရပ်တွေ နည်းသွားဖို့ ရည်ရွယ်ခဲ့ပေမယ့် တကယ်တမ်းမှာ VARဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုတွေ ၊ ဘက်လိုက် ဆုံးဖြတ်မှုတွေကြောင့် VARစနစ်ဟာ ဘောလုံးလောကမှာ အတော်လေးကို နာမည်ပျက်နေပါတယ်။

ပြီးခဲ့တဲ့ တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၂-၁ လီဗာပူး ပွဲစဉ်မှာလည်း VARစနစ်ရဲ့ အမှားကြောင့် လီဗာပူးဟာ ရသင့်တဲ့ သွင်းဂိုးကို မရခဲ့ပဲ အဆိုပါဖြစ်ရပ်ကြောင့် အင်္ဂလန်ဘောလုံးလောကမှာ ကျင်လည်နေတဲ့ လူအများစုက VARစနစ်ကို မယုံကြည်ကြတော့ပါဘူး။

Photo Credit: Goal

စပါးနည်းပြချုပ် ပိုစတီဂိုဂလူကလည်း VARစနစ်မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်​တွေ ရှိပေမယ့် VARက ဒိုင်လူကြီးတွေကို မကူညီနိုင်သလို ပွဲတွေကိုလည်း ပိုပြီး နှောင့်နှေးအောင် လုပ်နေတဲ့ အတွက် VARစနစ်ကို မသုံးသင့်တော့ဘူးလို့ အကြံပေး ထောက်ပြလာပါတယ်။

ပိုစတီဂိုဂလူက – “ကျွန်တော်ကတော့ VARစနစ်ကို ပယ်ဖျက်စေချင်နေပါပြီ။ ဒီနည်းပညာက ကျွန်တော်တို့ ဘောလုံးလောကမှာ သုံးဖို့ အဆင်ပြေတဲ့ အနေအထားဆီ မရောက်သေးပါဘူး။ ကျွန်တော်က Goal-Line နည်းပညာကို ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါက အရမ်းကို ပြည့်စုံလို့လေ။ VARစနစ်မှာ အမှားတွေ အများကြီး ရှိနေသေးသလို ကျွန်တော်တို့ VARကို ပိုသုံးလေလေ ၊ ပိုအမှားများလေလေ ပိုဆိုးလာလေလေ ဖြစ်နေပါတယ်။ ကျွန်တော် အင်္ဂလိပ် ဘောလုံးလောကကို ချစ်တာက မြန်ဆန်တဲ့ အရှိန်အဟုန်တွေကြောင့်ပါ။ VARစနစ်က ပွဲရဲ့ အရှိန်ကိုလည်း နှေးအောင် လုပ်ပါတယ်။ ဒါကြောင့် ကျွန်​တော်ကတော့ ဒီနည်းပညာဟာ ဘောလုံးလောကနဲ့ သင့်တော်တယ်လို့ မထင်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version