နော်တင်ဟမ် ဖောရက်စ်အသင်းဟာ နည်းပြချုပ် နူနို အက်စ်ပီရီတို ဆန်တိုကို တာဝန်ကနေ ရပ်စဲလိုက်ပြီးနောက်မှာ သူ့ရဲ့နေရာကို အစားထိုးဖို့အတွက် တော့တင်ဟမ် ဟော့စပါးနည်းပြဟောင်း အန်ဂီ ပိုစတီကိုဂလူးကို ခန့်အပ်ဖို့ သေချာသွားပြီဖြစ်ကြောင်း သိရပါတယ်။
ဒီခန့်အပ်မှုကို လာမယ့် (၂၄)နာရီအတွင်း တရားဝင်အတည်ပြုသွားဖွယ်ရှိပြီး ပိုစတီကိုဂလူးဟာ လာမယ့် စနေနေ့မှာ ကစားမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖောရက်စ်အသင်းရဲ့ နည်းပြခုံတန်းမှာ စတင်ထိုင်ဖွယ်ရှိနေပါတယ်။ သူနဲ့အတူ စပါးအသင်းက သူ့ရဲ့နည်းပြအဖွဲ့ဝင်ဟောင်းတချို့လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။
Photo Credit : TEAMtalk
အသက် (၆၀)အရွယ် သြစတြေးလျ လူမျိုးနည်းပြကြီး ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ ဇွန်လက စပါးအသင်းနဲ့ လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ သူဟာ စပါးအသင်းကို (၁၇)နှစ်အတွင်း ပထမဆုံး အဓိကဆုဖလားအဖြစ် ယူရိုပါလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။
သူ့ရဲ့ စပါးနဲ့ နောက်ဆုံးရာသီဟာ အလွန်ထူးခြားခဲ့ပါတယ်။ ဥရောပဖလားရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဆင့် (၁၇)နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပြီး ရှုံးပွဲ (၂၂)ပွဲနဲ့အတူ တန်းမဆင်းရတဲ့ အသင်းတွေထဲမှာ ရှုံးပွဲအများဆုံးစံချိန်ကို တင်ခဲ့ပါတယ်။ ပိုစတီကိုဂလူးဟာ ဂျပန်ကလပ် ယိုကိုဟားမား အက်ဖ် မာရီနော့နဲ့ ၂၀၁၉ မှာ ဂျေလိဂ်ချန်ပီယံဖြစ်ခဲ့သလို စကော့တလန်ကလပ် ဆဲလ်တစ်နဲ့လည်း (၂)ရာသီအတွင်း ပြည်တွင်းဆုဖလား (၅)ခုအထိ ရယူခဲ့သူဖြစ်ပါတယ်။
Photo Credit : The Sun
ဖောရက်စ်အသင်းပိုင်ရှင် ဂရိလူမျိုးဖြစ်သူ အီဗန်ဂျီလော့စ် မာရီနာကစ်ကိုယ်တိုင်ကလည်း ဂရိမျိုးရိုးရှိတဲ့ ပိုစတီကိုဂလူးကို ပြီးခဲ့တဲ့ ဇူလိုင်လက ဂရိနိုင်ငံမှာ ဆုတစ်ခုချီးမြှင့်ရင်း ချီးကျူးစကားဆိုခဲ့ဖူးပါတယ်။ သူက “အန်ဂီဟာ ဂရိလူမျိုးဖြစ်ရတာကို ဂုဏ်ယူသူဖြစ်ပြီး စပါးနဲ့ အောင်မြင်မှုကြီးရရှိခဲ့ချိန်မှာတောင် ဂရိနိုင်ငံအကြောင်းကို ထည့်သွင်းပြောကြားခဲ့သူပါ။” လို့ ဆိုခဲ့ပါတယ်။
နူနိုဟာ ပြီးခဲ့တဲ့ရာသီက ဖောရက်ဟ်အသင်းကို အဆင့် (၇)နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း (၃၀)အတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ (ယူရိုပါလိဂ်) ကို ဝင်ရောက်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ နူနိုနဲ့ အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်ခံရတဲ့ အီဒူးတို့ကြားမှာ ပြန်လည်ပြုပြင်ဖို့ မဖြစ်နိုင်တော့လောက်တဲ့ အဓိက ပဋိပက္ခကြီးတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နူနိုဟာ အသင်းပိုင်ရှင် မာရီနာကစ်နဲ့ သူ့ရဲ့ဆက်ဆံရေး ပြောင်းလဲသွားပြီး အရင်လို မရင်းနှီးတော့ဘူးလို့ လူသိရှင်ကြား ဝေဖန်ခဲ့သလို အသင်းရဲ့ နွေရာသီအပြောင်းအရွှေ့ လှုပ်ရှားမှုတွေအပေါ်မှာလည်း အလွန်စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖောရက်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် (၃)ပွဲကစားပြီးချိန်မှာ ရမှတ် (၄)မှတ်သာ ရရှိထားပြီး နိုင်ငံတကာပွဲစဉ်များမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ၃-၀ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်းက နူနိုအတွက် နောက်ဆုံးထွက်သက် ဖြစ်သွားခဲ့ပါတယ်။
