ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ ပွဲပန်းနေတာကြောင့် ဘရိုက်တန်ကို အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာပါလို့ ပွဲပြီးအင်တာဗျူးမှာ ဆင်ခြေပေးသွားခဲ့ပါတယ်။

ပိုစတီဂိုဂလူ ဦးဆောင်နေတဲ့ စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် လိဂ်ရဲ့ ဖျက်မြင်းအသင်း ဖြစ်တဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲမှာ ဘရိုက်တန်က စပါးကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

Photo Credit: Standard

ဘရိုက်တန်နဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့သလို အနိုင်ရလဒ် ရရှိရေး အတွက် တိုက်စစ်ဖွင့် ကစားခဲ့တာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့သလို နှစ်သင်းစလုံးဟာ ဂိုးသွင်းခွင့်တွေလည်း အကြိမ်ကြိမ် ရရှိခဲ့ပါတယ်။

နှစ်သင်းစလုံးက ဂိုးသွင်းခွင့်တွေ အများအပြား ရခဲ့ပေမယ့် အိမ်ရှင် ဘရိုက်တန်ရဲ့ ကစားသမားတွေက အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာကြောင့် ဘရိုက်တန်ဟာ စပါးကို ၄ဂိုးပြတ်နဲ့ ဦးဆောင် ကစားနိုင်ခဲ့ပြီး စပါးကတော့ နောက်ကျ ချေပဂိုး ၂ဂိုး ပြန်သွင်းနိုင်ခဲ့တာကြောင့်သာ အရှက် ထပ်မကွဲခဲ့တာပါ။

Photo Credit: Metro

ဘရိုက်တန် ၄-၂ စပါး ပွဲစဉ်မှာ ဘရိုက်တန် အတွက် သွင်းဂိုးတွေကို ဟင်ရှယ်ဝုဒ် ၊ ပက်ဒရိုနဲ့ အူစတူပီနန်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး စပါးအတွက် နောက်ကျချေပဂိုး နှစ်ဂိုးကိုတော့ လူငယ်တိုက်စစ်မှူး ဗီလစ်ဇ်နဲ့ ခံစစ်မှူး ဒေးဗီးစ်တို့က သွင်းယူပေးခဲ့ကြပါတယ်။

ဘရိုက်တန် ၄-၂ စပါး ပွဲအပြီးမှာတော့ စပါးနည်းပြ ပိုစတီဂိုဂလူက သူတို့အသင်းရဲ့ ကစားသမားတွေဟာ ပွဲပန်းနေတာကြောင့် အခုလို ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံခဲ့ရတာပါလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ ပိုစတီဂိုဂလူက – “ကျွန်တော်တို့ရဲ့ ကစားသမားတွေဟာ ပင်ပန်းနေကြတဲ့ပုံ ပေါ်ပါတယ်။ ဒါကလည်း နားလည်ပေးလို့ ရပါတယ်။ ကျွန်တော်တို့က တောက်လျှောက် ကစားနေခဲ့ရတာလေ။ ကစားသမားတွေက သူတို့မှာ ရှိသမျှ အရာအားလုံးကို ပေးဆပ် ကစားခဲ့ကြပါတယ်။ သူတို့က ကြံ့ခိုင်မှု မပြည့်ဝတာတောင် ကစားနိုင်သလောက် ကစားခဲ့ကြပါတယ်။ ပွဲပြီးခါနီးမှာတောင် သူတို့က အားကြိုးမာန်တက် ကစားနေခဲ့ကြတာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။