မနေ့ညက တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ လက်စတာ စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်စပါးက ရစ်ချာလီဆန် အဖွင့်ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းပြန်အစမှာပဲ ဗာဒီ အယ်ခန်နူးတို့ရဲ့ ဂိုးတွေနဲ့ ဧည့်သည် လက်စတာက comeback ရလဒ် နိုင်ပွဲကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။

အခုဆိုရင် စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ (၄)ပွဲဆက်တိုက်အထိတောင် ရှုံးပွဲဆက်နေရသလို (၇)ပွဲဆက်တိုက်အထိလည်း နိုင်ပွဲပျောက်ထားခဲ့ရပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)နေရာထိပါ ရပ်တည်နေရပါတယ်။ စပါးဟာ အခုဆိုရင် တန်းဆင်းဇုန်နဲ့ (၈)မှတ်ကွာ အနေအထားအထိလည်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။

Photo Credit : Evening Standard

စပါးရဲ့ လက်ရှိ အခြေအနေဆိုးတွေကြောင့် နည်းပြ ပိုစတီဂိုဂလူးလည်း ရာထူးကနေ ထုတ်ပယ်ခံရနိုင်ခြေ အရမ်းများနေရသလို လက်စတာနဲ့ပွဲအပြီးမှာလည်း အသင်းပရိသတ် တချို့နဲ့ စကားများခဲ့ပါသေးတယ်။ အခုလို ဦးဆောင်ထားပြီးခါမှ ရှုံးပွဲကြုံလိုက်ရတဲ့ ပွဲစဉ်အကြောင်းနဲ့ ပတ်သက်ပြီး ပိုစတီဂိုဂလူးက “နာကျင်ရတယ်။ အများကြီးကို နာကျင်ရပါတယ်။”

“ကစားသမားတွေက ဒီတစ်ကြိမ်လည်း အသင်းအတွက် အရာအားလုံးကို ပေးဆပ်သွားခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ အရာအားလုံးကို ကြည့်သွားရမှာ ဖြစ်ပေမယ့် ကစားသမားတွေရဲ့ အားထုတ်ခဲ့မှုတွေအရ သူတို့ကို ဘာမှ ထပ်ပြီး မတောင်းဆိုနိုင်တော့ပါဘူး။ အခွင့်အရေးတချို့ကို ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ကံကြမာက ကောင်းမွန်မနေခဲ့ဘူး။”

Photo Credit : Football London

“ကစားသမားတွေကတော့ သူတို့တက်နိုင်သမျှနဲ့ အသင်းအတွက် ကြိုးစားသွားခဲ့တယ်။ ဒါက အသင်းတစ်သင်းအနေနဲ့ ကျွန်တော်လို နည်းပြအနေနဲ့ပါ တောင်းဆိုနိုင်တဲ့ အရာတွေပါ။ သူတို့ အတက်နိုင်ဆုံး ကြိုးစားသွားခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးတွေကို လေ့လာကြည့်လိုက်ရင်လည်း စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တာ်တို့ ဒီပွဲမှာ နိုင်ပွဲရဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့တယ်လို့တော့ ထင်မိပါတယ်။”

“ကျွန်တော်တို့ ဒီအတိုင်းသွားနေတာ (၂)လလောက် ရှိပါပြီ။ ဒဏ်ရာရနေတဲ့ ကစားသမားတချို့ ပြန်လာနိုင်မယ်ဆိုရင် သူတို့က အသင်းကို အကူအညီပေးနိုင်မှာပါ။ ကြာသာပတေးနေ့က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ယူရိုပါလိဂ်မှာ အဆင်ပြေသွားအောင် လုပ်နိုင်ခဲ့ပေမယ့် ဒီပွဲမှာ မလုပ်နိုင်ခဲ့တာက ကစားသမား (၂)ယောက် (၃)ယောက်လောက် ရာနှုန်းပြည့် မလုပ်ဆောင်နိုင်တာကြောင့်လည်း ပါပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။