ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ပြိုင်ဘက် မန်ချက်စတာ စီးတီးကို အိမ်ကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို မယှဉ်နိုင်ခဲ့ဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

စပါးနဲ့ မန်ချက်စတာ စီးတီးတို့က အက်ဖ်အေဖလား ၃၂သင်းအဆင့် ပွဲစဉ်အဖြစ် စပါးရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ရှုံးထွက်ပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြကာ စပါးဘက်က အာရှဖလားပြိုင်ပွဲဆီ သွားနေတဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် မပါခဲ့သလို မန်ချက်စတာ စီးတီးမှာလည်း ဒဏ်ရာရနေတဲ့ ဟာလန်း မပါနိုင်ခဲ့ပါဘူး။

Photo Credit: Sky Sports

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပေမယ့် ဒီနေ့ပွဲမှာ ဧည့်သည် မန်ချက်စတာ စီးတီးက အိမ်ရှင် စပါးကို ပွဲစပွဲဆုံး တရစပ် ဖိအားပေး ကစားသွားနိုင်ခဲ့ပြီး စပါးကတော့ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်ကို ခုခံရင်းနဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ မန်ချက်စတာ စီးတီးက စပါးကို သိသိသာသာ ဖိကစားနိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာတော့ စပါးနည်းပြ ပိုစတီဂိုဂလူက နည်းစနစ်ပိုင်း အပြောင်းအလဲ တချို့ လုပ်ခဲ့တာကြောင့် စပါးက ဒုတိယပိုင်းမှာ မန်ချက်စတာ စီးတီးကို ယှဉ်ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် စပါးရဲ့ ခြေစွမ်းက နိုင်ပွဲ ရလောက်တဲ့ အထိ မလုံလောက်ခဲ့ပဲ ပွဲချိန် ၈၈မိနစ်မှာတော့ နသန် အကီက မန်ချက်စတာ စီးတီး အတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးရင်း စီးတီးကို အက်ဖ်အေဖလား ၁၆သင်းအဆင့်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ စပါး ၀-၁ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ စပါးနည်းပြ ပိုစတီဂိုဂလူက သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို မယှဉ်နိုင်သေးပဲ စီးတီးဟာ အသင်းတိုင်းရဲ့ စံပြအသင်း ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Live Scores

ပိုစတီဂိုဂလူက – “ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံက အဆင်ပြေပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာတော့ ခံစစ်ကို အားပြုပြီးပဲ ကစားခဲ့ရပါတယ်။ စီးတီးက သူတို့ရဲ့ ကစားအားကို အလွယ်တကူ ရခဲ့ပြီး ကျွန်တော်တို့က ဒုတိယပိုင်းမှာ ကစားပုံ ကောင်းလာပေမယ့် သူတို့ကို လိုက်မှီဖို့ အရမ်းခက်သွားပါပြီ။ ကျွန်တော်တို့က စီးတီးရဲ့ တိုက်စစ်ကို ကောင်းကောင်း ခုခံနိုင်ခဲ့ပါတယ်။ ဗီကာရီယိုကလည်း ကာကွယ်မှုတွေ အများကြီး မလုပ်ခဲ့ရဘူးလေ။ ကျွန်တော်ကတော့ စီးတီးဟာ ကျွန်တော်တို့ထက် ၈နှစ် ၊ ၉နှစ်လောက် ရှေ့ရောက်နေတဲ့ အသင်းလို့ ပြောချင်ပါတယ်။ လူတွေက အဲ့ဒီလို အချက်တွေကို မြင်အောင် ကြည့်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ ဖျက်ထုတ်မှုတွေ မလုပ်နိုင်လို့ ရှုံးခဲ့တာ မဟုတ်ပါဘူး။ ဆင်ခြေတွေလည်း မပေးချင်ပါဘူး။ စီးတီးက သူတို့ ဖြစ်ချင်တဲ့ အသင်းမျိုး ဖြစ်နေပြီး ကျွန်တော်တို့က ကိုယ်ဖြစ်ချင်တဲ့ အသင်းမျိုး ဖြစ်လာအောင် စပြီး တည်ဆောက်နေဆဲပါ။ ကျွန်တော်တို့က အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဒီညမှာတော့ ကျွန်တော်တို့ရဲ့ ခြေစွမ်းက သူတို့ကို မယှဉ်နိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။