ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဖြစ်သူ ပိုစတီဂိုဂလူက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အရေးပါတဲ့ သူတို့နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးကို တိုက်စစ်ဖွင့် ကစားသွားမယ်လို့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၂-၁ ဘန်လေ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ပိုစတီဂိုဂလူ ဦးဆောင်နေတဲ့ စပါးက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) အဖြစ် ကွန်ပနီ ဦးဆောင်လာတဲ့ ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ နောက်ခံလူတွေ ဖြစ်ကြတဲ့ ပေါ်ရိုနဲ့ ဗန်ဒီဗန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိမ်မက်ကို ဆက်လက် အသက်သွင်းခဲ့ပါတယ်။

Photo Credit: Sky Sports

စပါးက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ဗီလာနဲ့ ယှဉ်ပြိုင်နေရပြီး ရာသီကုန်ဖို့ ၂ပွဲသာ လိုအပ်တော့ချိန်မှာ စပါးက ဗီလာနဲ့ ရမှတ် ၄မှတ် ကွာဟနေကာ ဗီလာကသာ လက်ကျန် ၂ပွဲမှာ ၁ပွဲကို အနိုင်ရခဲ့မယ် ဆိုရင် သူတို့အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ရတော့မှာ ဖြစ်ပါတယ်။

စပါးက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရထားပေမယ့် ပိုစတီဂိုဂလူနဲ့ စပါးရဲ့ ကစားသမားတွေက လက်ကျန် ၂ပွဲဲဲဲဲစလုံးမှာ နိုင်ပွဲတွေ ရယူဖို့ ဆုံးဖြတ်ထားပြီး ပိုစတီဂိုဂလူက သူတို့အသင်းဟာ မန်ချက်စတာ စီးတီးနဲ့ပွဲမှာ အကောင်းဆုံး တိုက်စစ် ကစားဟန်တွေကို ထုတ်ပြကာ နိုင်ပွဲ ရယူဖို့ ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

ပိုစတီဂိုဂလူက – “ကျွန်တော်တို့က နောက်ထပ် ရမှတ် ၆မှတ် အတွက် ဆက်ဆော့ရပါဦးမယ်။ အဲ့ဒါက ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ အချက်ပါ။ ကျွန်တော်တို့က အင်္ဂါနေ့ညမှာတော့ မန်ချက်စတာ စီးတီးနဲ့ ပွဲကြီးပွဲကောင်း ကစားရဖို့ ရှိပါတယ်။ အဲ့ဒီပွဲက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ စမ်းသပ်မှုပါပဲ။ အဲ့ဒီပွဲ ပြီးရင်တော့ ကျွန်တော်တို့​က ရှက်ဖီးလ် ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရင်ဆိုင်ရပါမယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ ကစားဟန်အတိုင်း ကစားရင်း ဘယ်အဆင့် ရောက်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်တို့က မန်ချက်စတာ စီးတီး အခက်တွေ့အောင် ကစားနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ ကစားဟန်ကိုပဲ (တိုက်စစ်အသားပေး ကစားဟန်) ဆက်ပြီး သုံးသွားပါမယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ ပုံစံအတိုင်း ကစားရင်း ဘယ်လိုရလဒ်မျိုး ရလာမလဲ ဆိုတာ စောင့်ကြည့်ကြပေါ့” လို့ ပြောကြားသွားခဲ့တာပါ။

စပါးနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်က မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလုပွဲ အတွက် အရေးပါတဲ့ပွဲ ဖြစ်ပြီး အဲ့ဒီပွဲမှာသာ မန်ချက်စတာ စီးတီးက သရေ (သို့) အရှုံး ရလဒ်မျိုး ရခဲ့ရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးကောင်းသွားဖို့ ရှိနေပါတယ်။