ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက မကြာသေးမီကမှ ပျံ့နှံ့နေတဲ့ သူဟာ လီဗာပူးဆီ ရာသီကုန်ချိန်မှာ ပြောင်းရွှေ့နိုင်တယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချသွားခဲ့ပြီး လီဗာပူးဆီ ပြောင်းဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၈နှစ် အရွယ် ဩစတေးလျလူမျိုး နည်းပြချုပ် ပိုစတီဂိုဂလူက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ စကော့တလန်ကလပ် ဆဲလ်တစ် ကနေ စပါးဆီ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက စပါးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sky Sports

ပိုစတီဂိုဂလူက စပါးဆီ ပြောင်းရွှေ့လာတာ မကြာသေးပေမယ့် အချိန်တိုအတွင်းမှာ စပါးရဲ့ ကစားသမားတွေနဲ့ လိုက်ဖက်တဲ့ မြန်နှုန်းမြင့် တိုက်စစ်ကစားဟန် တခုကို ချမှတ်ပေးနိုင်ခဲ့သလို သူ့ရဲ့စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၄) အပြီးမှာ မန်ချက်စတာ ယူနိုက်တက် ၊ ဗီလာ ၊ နယူးကာဆယ် စတဲ့ အသင်းတွေကို ကျော်ဖြတ်ကာ အဆင့်(၄)နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

တဖက်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကလပ် လီဗာပူးက ဂျာမန်ထိပ်သီးနည်းပြ ယာဂင် ကလော့ပ်ကို ပိုင်ဆိုင်ထားပေမယ့် ယာဂင် ကလော့ပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူးကို စွန့်ခွာတော့မယ့် အကြောင်း တရားဝင် ကြေညာထားတာကြောင့် လီဗာပူးက ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်သီးနည်းပြ တဦးကို လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Sporting News

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ လီဗာပူးက သူတို့အသင်းကို ကာလရှည် အားပေးခဲ့တဲ့ စပါးနည်းပြ ပိုစတီဂိုဂလူကို ခေါ်ယူချင်နေတယ် ဆိုတဲ့ သတင်းတွေ အကြီးအကျယ် ပျံ့နှံ့ခဲ့ပြီး ပိုစတီဂိုဂလူကတော့ သူဟာ လီဗာပူးကို ကိုင်တွယ်ဖို့ မစဉ်းစားထားကြောင်း စပါးနဲ့ ဝုလ်ဗ် ပွဲစဉ်အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပိုစတီဂိုဂလူက – “ကျွန်တော့်မှာ အဲ့ဒီသတင်းတွေနဲ့ (လီဗာပူးဆီ ပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေ) ပတ်သတ်ပြီး ပြောစရာ စကား မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့ ဘဝမှာ ထားထားတဲ့ စံနှုန်းတွေနဲ့ အဲ့ဒီသတင်းတွေက ကိုက်ညီမှု မရှိလို့ပါပဲ။ အဲ့ဒါက လူတွေ လျှောက်ပြောနေကြတဲ့ စကားတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဘယ်သူက အဲ့ဒီလို သတင်းတွေကို ဂရုစိုက်ကြလို့လဲ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။