ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက သူတို့အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက် ရယူနိုင်သေးတယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

ဩစတေးလျလူမျိုး နည်းပြချုပ် ပိုစတီဂိုဂလူက ယခုနှစ် ဘောလုံးရာသီ အစကမှ ဆဲလ်တစ်ကနေ စပါးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အချိန်တိုအတွင်းမှာ စပါးရဲ့ ရှိရင်းစွဲ ကစားသမားတွေနဲ့ ကစားသမားသစ်တွေကို အကောင်းဆုံး ပေါင်းစပ်ကာ အသင်းအတွက် အသင့်တော်ဆုံး ကစားကွက် တခုကို ချပြထားနိုင်ပါတယ်။

Photo Credit: Football Transfer

ပိုစတီဂိုဂလူရဲ့ လက်အောက်မှာ စပါးက ပရီးမီးယားလိဂ်ပွဲ ၂၀ပွဲ ကစားထားရာ ၁၂ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၅ပွဲရှုံး ဆိုတဲ့ မှတ်တမ်းကောင်းကို ရရှိထားသလို ရမှတ် ၃၉မှတ် အထိ စုဆောင်းထားနိုင်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အဆင့်(၅)နေရာကို ရောက်ရှိနေပါတယ်။

စပါးက အဆင့်(၅)နေရာကို ရောက်နေပေမယ့် အဆင့်(၁)နေရာမှာ ရှိနေတဲ့ လီဗာပူးနဲ့ ရမှတ် ၆မှတ်သာ ကွာဟပြီး သူတို့ရဲ့ လက်ရှိခြေစွမ်းနဲ့ ဆောင်းဈေးကွက်မှာ တီမိုဗာနာနဲ့ ဒရာဂူဆင်တို့လို အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူထားနိုင်မှုတို့ကြောင့် စပါးက လက်ကျန် ရာသီဝက်အတွင်းမှာ အတည်ငြိမ်ဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိလာနိုင်ပါတယ်။

Photo Credit: Euro Sports

လက်ရှိချိန်အထိ ဘောလုံးရေးရာ သုံးသပ်သူတွေက မန်ချက်စတာ စီးတီး ၊ လီဗာပူးနဲ့ အာဆင်နယ်တို့ကသာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရနိုင်တယ်လို့ သုံးသပ်နေကြပေမယ့် ပိုစတီဂိုဂလူကတော့ သူ့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ပြီး သူတို့က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

ပိုစတီဂိုဂလူက – “လက်ရှိအခြေအနေအရ ကျွန်တော်တို့မှာလည်း ချန်ပီယံဆုကို မျှော်မှန်းခွင့် ရှိပါတယ်။ ဟုတ်တယ်မလား။ ကျွန်တော်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို မရနိုင်တော့တဲ့ အချိန်အထိ ကျွန်တော်တို့မှာ ချန်ပီယံဆု အတွက် မျှော်မှန်းခွင့် ရှိတယ်လို့ တောက်လျှောက် ပြောခဲ့ပါတယ်။ ချန်ပီယံဆုကို မျှော်မှန်းနိုင်သရွေ့ ကျွန်တော်တို့က ချန်ပီယံဆု အတွက် တိုက်ပွဲဝင်မှာပါ။ ကျွန်တော်တို့က ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ၄ပွဲဆက် ရလဒ်တွေ ဆိုးခဲ့ပေမယ့် ကျားကုတ်ကျားခဲ ပြန်ကြိုးစားပြီး ရလဒ်ကောင်းတွေ ပြန်ယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ချန်ပီယံ ပြေးလမ်းကြောင်းထဲမှာ ရှိနေဆဲပါ” လို့ ကြွေးကြော်သွားခဲ့တာပါ။