MySport Myanmar

အရန်ကစားသမားတွေနဲ့ ကစားခဲ့ရလို့ ဝုလ်ဗ်ကို ရှုံးနိမ့်ခဲ့ရတာပါ ဆိုတဲ့ ပိုစတီဂိုဂလူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အဖြစ် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဝုလ်ဗ်ကို အဝေးကွင်းမှာ နောက်ကျဂိုးတွေကြောင့် အရှုံးပေးခဲ့ရတာဟာ အရန် ကစားသမားတွေနဲ့ ကစားခဲ့ရတာကြောင့် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဝုလ်ဗ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အတောင့်တင်းဆုံး လူစာရင်းတွေကို ထုတ်သုံးကာ အနိုင်ရလဒ် ရရှိရေး အတွက် ဦးတည် ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲအစ ၂မိနစ်မှာတင် ဧည့်သည် စပါးက လူငယ် တိုက်စစ်ကစားသမား ဂျွန်ဆင်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Bein Sports

အဖွင့်ဂိုး သွင်းယူပြီးနောက် စပါးက နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံ သွင်းယူနိုင်ဖို့ ဆက်လက် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ အိမ်ရှင် ဝုလ်ဗ်ကသာ ပွဲကို စိုးမိုးလာနိုင်ခဲ့ပြီး ဝုလ်ဗ်က တပွဲလုံးနီးပါး စပါးကို စိတ်ကြိုက် ဖိအားပေး ကစားကာ ချေပဂိုးတွေ ပြန်ရဖို့ ကြိုးစားခဲ့ပါတယ်။

စပါးက ဝုလ်ဗ်နဲ့ပွဲမှာ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဒီဆန် ၊ ဗန်ဒီဗန် ၊ ရိုမဲရိုး ၊ ရစ်ချာလီဆန် စတဲ့ ကစားသမားတွေကို လက်လွှတ်ထားရတာကြောင့် ပုံမှန် ကစားကွက်နဲ့ ကစားနိုင်ဖို့ အတော်လေး ရုန်းကန်လာရပြီး ပွဲချိန်ကြာလာတာနဲ့အမျှ ဝုလ်ဗ်ကသာ ဂိုးသွင်းခွင့်တွေ ပိုရလာခဲ့ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ တပွဲလုံးနီးပါး တိုက်စစ်ဆင်လာခဲ့တဲ့ ဝုလ်ဗ်က ပွဲချိန် မိနစ် ၉၀ကျော်မှာ လူစားဝင် တိုက်စစ်ကစားသမား ဆာရာဘီယာရဲ့ ခြေစွမ်းကောင်းတွေကြောင့် နောက်ကျချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ဆာရာဘီယာက ပွဲချိန် ၉၁မိနစ်မှာ ဝုလ်ဗ်အတွက် ချေပဂိုးကို လှလှပပ သွင်းယူပေးခဲ့သလို ပွဲချိန် ၉၆မိနစ်မှာလည်း လာဗီယာရဲ့ ပွဲသိမ်းအနိုင်ဂိုးကို ထပ်မံ ဖန်တီးပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဝုလ်ဗ် ၂-၁ စပါး ပွဲအပြီးမှာတော့ စပါးနည်းပြချုပ် ပိုစတီဂိုဂလူက အရန်ကစားသမားတွေနဲ့ ကစားခဲ့ရတာကြောင့် ဒီလိုရလဒ်မျိုး ထွက်ပေါ်လာတာ ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။ ပိုစတီဂိုဂလူက – “ဝုလ်ဗ်ကို အဝေးကွင်းမှာ လာကစားရတာဟာ မလွယ်ကူပါဘူး။ ဝုလ်ဗ်ရဲ့ ကစားသမားတွေက ပွဲချိန်ကြာလာတာနဲ့အမျှ ပိုပို ကောင်းလာပြီး ကျွန်တော်တို့ရဲ့ ကစားသမားတွေကတော့ ပွဲပြီးခါနီးမှာ သက်လုံတွေ ကျဆင်းသွားတာကို မြင်ခဲ့ရပါတယ်။ ကစားသမား အများစုက ပုံမှန် ကစားခွင့် ရနေတဲ့ ကစားသမားတွေ မဟုတ်တာကြောင့် သက်လုံ ကျသွားတာကို နားလည်ပေးလို့ ရပါတယ်။ ဒီရှုံးပွဲက ခံစားရခက်တဲ့ ရှုံးပွဲပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version