ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အဖြစ် အဲဗာတန်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်ကြိမ်တိုင်တိုင် ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် နောက်ကျ ချေပဂိုးကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရလို့ စိတ်ပျက်မိတယ်လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပိုစတီဂိုဂလူ ဦးဆောင်နေတဲ့ စပါးက ဒီရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ နီးစပ်နေပြီး ယမန်နေ့ညမှာ သူတို့က တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှောင်ဒိုက်ရဲ့ အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Optus Sports

အဲဗာတန်နဲ့ စပါးတို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ နိုင်ပွဲ ရဖို့ ဦးတည် ကစားခဲ့ကြပြီး အဲဗာတန်က တန်းမဆင်းရဖို့ အမှတ်လိုအပ်နေသလို စပါးကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အမှတ်တွေ ထပ်လျော့လို့ မဖြစ်တော့တာကြောင့် ရေကုန်ရေခမ်း ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဆိုပါပွဲမှာ အဲဗာတန် တိုက်စစ်မှူးဟောင်း ရစ်ချာလီဆန်က ထူးရှယ် ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ခဲ့ပြီး ရစ်ချာလီဆန်က ပွဲချိန် ၄မိနစ်နဲ့ ၄၁မိနစ်တွေမှာ စပါးအတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ စပါးက ပွဲကို ၂ကြိမ်တိုင်တိုင် ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် အဲဗာတန်ရဲ့ တိုက်စစ်ဆင်မှုတွေကို တောင့်မခံနိုင်ခဲ့တာကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။

Photo Credit: TNT Sports

အိမ်ရှင် အဲဗာတန်အတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၃၀မိနစ်မှာ ဟာရီဆန်နဲ့ ပွဲချိန် ၉၀+၄မိနစ်မှာ လူငယ်နောက်ခံလူ ဘရန့်ဝိတ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အဲဗာတန် ၂-၂ စပါး ပွဲအပြီးမှာတော့ စပါးနည်းပြ ပိုစတီဂိုဂလူက နောက်ကျချေပဂိုးနဲ့ သရေကျခဲ့လို့ အရမ်း စိတ်ပျက်နေရကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ပိုစတီဂိုဂလူက – “ဂွတ်ဒီဆင်ပါ့တ်ကွင်းမှာ အဲဗာတန်ကို ဖိအားပေး ကစားဖို့ အရမ်း ခက်ပါတယ်။ ဒါပေမယ့် ပွဲချိန်အတော်များများမှာ ကျွန်တော်တို့အသင်းက ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့က ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပေမယ့် တည်ငြိမ်မှု အားနည်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘောလုံးကို ထိန်းချုပ် ကစားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေထက် ကစားပုံ ပိုကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ရဲ့ ကစားပုံက အဆင်ပြေခဲ့ပါတယ်။ ကျွန်တော်တို့က ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်း တချို့ ဖန်တီးနိုင်ခဲ့ပေမယ့် ပွဲကို အဆုံးသတ်နိုင်မယ့် တတိယမြောက်ဂိုးကို မရခဲ့ပါဘူး။ ပွဲရဲ့ နောက်ဆုံး ၁၀မိနစ်မှာ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုကို ခံရနိုင်တာမို့လို့ တတိယမြောက်ဂိုး ရချင်ခဲ့ပေမယ့် ထင်သလို မဖြစ်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ချေပဂိုး ပြန်ပေးလိုက်ရလို့ အရမ်း စိတ်ပျက်မိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။