ယခုနှစ် ဘောလုံးရာသီ အစကမှ စကော့တလန် ထိပ်သီးကလပ် ဆဲလ်တစ် ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးဆီ ပြောင်းလာခဲ့တဲ့ ဩစတေးလျ နိုင်ငံသား နည်းပြချုပ် ပိုစတီဂိုဂလူက ယမန်နေ့ညမှာ ကျင်းပခဲ့တဲ့ လန်ဒန်ဘောလုံးဆုပေးပွဲမှာ အာဆင်နယ်နည်းပြချုပ် မီခေး အာတီတာကို ကျော်ဖြတ်ပြီး တနှစ်တာ အကောင်းဆုံးနည်းပြဆုကို သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၅၈နှစ် အရွယ် ဩစတေးလျ နိုင်ငံသား ပိုစတီဂိုဂလူက ၂၀၂၃ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှာမှ စပါးဆီ ရောက်ရှိလာသူ ဖြစ်ပြီး သူက စပါးကို ရာသီဝက်သာ ကိုင်တွယ်ထားရပေမယ့် အချိန်တိုအတွင်းမှာ အသင်းနဲ့ လိုက်ဖက်ညီမယ့် ကစားကွက် တခုကို ချမှတ်ပေးထားနိုင်သလို ပရီးမီးယားလိဂ်ရဲ့ တလတာ အကောင်းဆုံး နည်းပြဆုကိုလည်း ၃လဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sports

ပိုစတီဂိုဂလူရဲ့ လက်အောက်မှာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ဆုံးရှုံးထားရတဲ့ စပါးက ယခင်လို တဦးကောင်း ၊ တယောက်ကောင်းကို အားပြု ကစားတဲ့ အသင်းမျိုး မဟုတ်တော့ပဲ လျင်မြန်တဲ့ တိုက်စစ်ဆင်မှုတွေ ၊ တန်ပြန်တိုက်စစ်တွေနဲ့ ပြိုင်ဘက်တွေကို အချိန်မရွေး အနိုင်ယူနိုင်တဲ့ အသင်းကောင်း တသင်း အဖြစ် ပြောင်းလဲလာပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်ပဲ ပိုစတီဂိုဂလူဟာ ယမန်နေ့ညမှာ ကျင်းပခဲ့တဲ့ လန်ဒန်ဘောလုံးဆုပေးပွဲမှာ အာဆင်နယ် နည်းပြချုပ် မီခေး အာတီတာကို ကျော်ဖြတ်ကာ တနှစ်တာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

လန်ဒန်ဘောလုံးဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံးနည်းပြဆုကို ပိုစတီဂိုဂလူ ၊ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို အာဆင်နယ် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ် ၊ တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ချယ်လ်ဆီး လူငယ်ကြယ်ပွင့် ပါလ်မာတို့က အသီးသီး ရရှိခဲ့ကြပါတယ်။

အာဆင်နယ်နည်းပြချုပ် အာတီတာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်ကို ပရီးမီးယားလိဂ်ရဲ့ အဆင့်(၂)နဲ့ ရာသီသိမ်းနိုင်အောင် ကူညီခဲ့သလို ဒီရာသီမှာလည်း အာဆင်နယ်ကို ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းပေါ် တွန်းတင်ပေးထားပေမယ့် လန်ဒန်ဘောလုံးဆုပေးပွဲရဲ့ ဆုရွေးချယ်ရေးအဖွဲ့က ပိုစတီဂိုဂလူကို တနှစ်တာ အကောင်းဆုံးနည်းပြဆု ပေးခဲ့တာကြောင့် လက်ရှိမှာ အာဆင်နယ် ပရိသတ် တချို့က လန်ဒန်ဘောလုံးဆုပေးပွဲဟာ တရားမျှတမှု မရှိကြောင်း ဝေဖန်နေကြပါတယ်။