MySport Myanmar

လီဗာပူးရဲ့ အောင်ပွဲအခမ်းအနားကို ဖျက်ဆီးနိုင်ဖို့ မျှော်လင့်နေတဲ့ ပိုစတီကိုဂလူး

တော့တင်ဟမ် ဟော့စပါးအသင်းနည်းပြ အန့်ဂျ် ပိုစတီကိုဂလူးက လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အောင်ပွဲအခမ်းအနားကို ဖျက်ဆီးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါ့အပြင် ကြာသပတေးနေ့မှာ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် ကစားသမားတွေကို ကြိုတင် အနားပေးဖို့ စဉ်းစားနေမှာ မဟုတ်ဘူးလို့လည်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ ကြာသပတေးနေ့မှာ အရေးကြီးတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲမတိုင်ခင် တနင်္ဂနွေနေ့မှာတော့ လိဂ်ချန်ပီယံဆုနဲ့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီး အမှတ်တစ်မှတ်တည်းသာ လိုအပ်နေတော့တဲ့ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit : Goal

ပိုစတီကိုဂလူးကတော့ ကြာသပတေးနေ့ပွဲထက် တနင်္ဂနွေနေ့ အန်ဖီးလ် ခရီးစဉ်ကိုသာ အဓိက အာရုံစိုက်သွားဖို့ ရှိနေပြီး သူငယ်ငယ်ကတည်းက အားပေးခဲ့ဖူးတဲ့ ကလပ်အသင်းဖြစ်တဲ့ လီဗာပူးလ်ကို အကောင်းဆုံး ယှဉ်ပြိုင်ကစားပြီး အခက်တွေ့အောင် လုပ်သွားဖို့ ဆုံးဖြတ်ထားပုံ ရပါတယ်။ “ဒါက အထိအခိုက်မရှိဘဲ ဒီပွဲကို ကျော်ဖြတ်နိုင်ဖို့ပဲ မဟုတ်ပါဘူး။ ထိပ်တန်းအသင်းတစ်သင်းကို ကောင်းကောင်း ကစားပြနိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက်မျိုး ရရှိစေဖို့ပါ။ ရှေ့ဆက် ဘာပွဲတွေ ရှိနေသလဲဆိုတာကို ခဏဘေးဖယ်ထားပြီး လီဗာပူးနဲ့ပွဲမှာ ကောင်းကောင်းကစားပြနိုင်ဖို့က အဓိက အရေးအကြီးဆုံးပါပဲ။” ပိုစတီကိုဂလူးက ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းကို ငယ်ငယ်က အားပေးခဲ့ဖူးတာက တနင်္ဂနွေနေ့ပွဲအပေါ် သက်ရောက်မှု တစ်စုံတစ်ရာ ရှိနိုင်မလားလို့ မေးမြန်းရာမှာတော့ ပိုစတီကိုဂလူးက “လုံးဝ မရှိပါဘူး။ ကျွန်တော်က အသက်(၆၀)နား ကပ်နေတဲ့ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပါ။ ငယ်ငယ်က စွဲလမ်းခဲ့တာတွေကို ကျော်ဖြတ်ခဲ့တာ ကြာလှပါပြီ။ ဒါကြောင့် ဘာသက်ရောက်မှုမှ မရှိတော့ပါဘူး။ ကျွန်တော် ဒီဘောလုံးကလပ်(လီဗာပူးလ်)ကို အလွန်လေးစားပါတယ်။ ဟုတ်ပါတယ်။ ငယ်ငယ်ကလည်း အားပေးခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒါက လွန်ခဲ့တဲ့ နှစ်(၅၀)ကျော်လောက်က ကိစ္စပါ။ အဲ့ဒီအချိန်ကနေ အခုဆိုရင် အဝေးကြီး ပြောင်းလဲတိုးတက်ခဲ့ပါပြီ။ ကျွန်တော်တို့ လီဗာပူးလ်ကို သွားရောက်ပြီး ထိပ်တန်းအသင်းတစ်သင်းနဲ့ ကောင်းကောင်း ယှဉ်ပြိုင်ကစားချင်ပါတယ်။”

Photo Credit : Sporty

ဒါ့အပြင် ပိုစတီကိုဂလူးက အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ခြေထောက်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ စပါးအသင်းရဲ့ (၃)ပွဲဆက်တိုက် လွဲချော်ခဲ့ရပြီး တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲကိုလည်း ဆက်လက် လွဲချော်ဦးမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား တိုက်စစ်ကြယ်ပွင့်ဟာ ကြာသပတေးနေ့ ယူရိုပါလိဂ်ပွဲစဉ်အတွက်တော့ အချိန်မီ ပြန်လည်သက်သာလာနိုင်ဖွယ် ရှိတယ်လို့ မျှော်လင့်ရပါတယ်။

“လူစာရင်းပိုင်းအရတော့ အပြောင်းအလဲ မရှိပါဘူး။ ဒဏ်ရာ ပြန်လည်ကုသမှု ခံယူနေရတဲ့သူကတော့ ဆွန်နီ တစ်ယောက်ပဲ ရှိပါတယ်။ သူ တဖြည်းဖြည်း သက်သာလာနေပေမယ့် တနင်္ဂနွေနေ့ပွဲအတွက်တော့ အဆင်သင့်မဖြစ်သေးပါဘူး။ ရှေ့ဆက်ကစားရမယ့် ပွဲကျပ်အစီအစဉ်တွေအရ ကြာသပတေးနေ့က ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒါကြောင့် တနင်္ဂနွေပွဲမှာ ပွဲကစားချိန် လိုအပ်နေတဲ့ ကစားသမားတချို့ကို ထည့်သုံးပြီး တချို့ကိုတော့ ပွဲပန်းမှု သက်သာစေဖို့ ပွဲကစားချိန် လျှော့ပေးတာမျိုး (အနားပေးတာမျိုး) လုပ်ရပါလိမ့်မယ်။” လို့ ပိုစတီကိုဂလူးက ပြောဆိုလိုက်ပါတယ်။

Exit mobile version