၂၀၀၃-၂၀၀၃ ဘောလုံးရာသီတုန်းက နောက်ဆုံးအကြိမ်အဖြစ်နဲ့ ပါဝင်ဆင်နွဲခဲ့ရဖူးတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ (ယခင် UEFA Cup ပြိုင်ပွဲ) ကို စပိန်လာလီဂါရဲ့ နာမည်ကြီး ကလပ်အသင်း ဘာစီလိုနာက အခုတစ်ကြိမ်မှာ ပြန်လည်ဆင်နွဲရတော့မှာပဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုတွင်း အားပြိုင်မှုမှာ (၂)ပွဲနိုင် (၁)ပွဲသရေ (၃)ပွဲအထိ ရှုံးနိမ့်ပြီး ရမှတ်(၇)မှတ်သာ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အဆင့်(၃)နေရာကိုပဲ ရယူနိုင်ခဲ့တာဖြစ်လို့ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ပြိ်ုင်ပွဲဆီကို ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Bleacher Report Twitter

ဒါဟာ ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့ရတဲ့ ကိစ္စရပ်ပါ။ ဘာစီလိုနာလို ဥရောပ ချန်ပီယံလိဂ်ဖလား (၅)ကြိမ်အထိ ရယူနိုင်ခဲ့ဖူးတဲ့ ထိပ်တန်းအသင်း တစ်သင်းရဲ့ ကျဆင်းမှုက အတော်လေးကို အံ့အားသင့်စရာ ဖြစ်စေခဲ့ပြီး စပိန်သတင်းမီဒီယာတွေကနေလည်း ထိပ်တန်းအလွှာကနေ နုတ်ထွက်ခြင်းဆိုပြီးပါ ဝေဖန်ထားကြပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့အတူ ဒေါ့မွန် လိုက်ပ်ဇစ် ဆီဗီလာ အတ္တလန်တာ ပေါ်တို ဇင်းနစ်နဲ့ ရှာရစ်ဖ်အသင်းတွေက ယူရိုပါလိဂ်ပြိုင်ပွဲဆီကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ယူရိုပါလိဂ် အုပ်စုအဆင့်မှာ အုပ်စုဒုတိယနေရာ ရရှိခဲ့တဲ့ ကလပ်အသင်း (နိုင်ငံမတူညီတဲ့ အသင်းနဲ့သာ) ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

Photo Credit : Kicker

ယူရိုပါလိဂ် အုပ်စုအဆင့်မှာ အုပ်စုဒုတိယနေရာ ရရှိခဲ့တဲ့ ကလပ်အသင်းတွေကတော့ နာပိုလီ လာဇီယို ရိန်းဂျားစ် ဆိုစီဒက် ဘက်တစ် ဘရာဂါ အိုလံပီယာကော့စ်နဲ့ ဒိုင်နမိုဇာဂရက်တို့ ဖြစ်တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ နိုင်ငံတူကလပ်တွေဖြစ်တဲ့ ဘက်တစ် ဆိုစီဒက်တို့ကလွဲပြီး ကျန်တဲ့ ကလပ်အသင်း(၆)သင်းနဲ့ ထိပ်တိုက်တွေ့ဆုံနိုင်ပါတယ်။ ဒီအသင်းတွေထဲကမှ စီးရီးအေကလပ်တွေဖြစ်တဲ့ နာပိုလီ လာဇီယိုအသင်းတွေနဲ့သာ ထိပ်တိုက်ဆုံတွေ့ရမယ်ဆိုရင် ဘာစီလိုနာအသင်းရဲ့ ယူရိုပါလိဂ် လမ်းခရီးဟာလည်း အစပိုင်းမှာတင် လမ်းကြမ်းသွားနိုင်ပါတယ်။ ကျန်တဲ့ ကလပ်အသင်းတွေနဲ့ တွေ့ဆုံရလည်း အတိုင်းအတာတစ်ခုထိ ခက်ခဲနိုင်တယ်ဆိုပေမယ့် ဘာစီလိုနာအတွက်တော့ နာပိုလီ လာဇီယိုတို့က ပိုခက်တဲ့ ပြိုင်ဘက်တွေလို့ မြင်မိပါတယ်။ တကယ်လို့ အဲ့ဒီအဆင့်ကနေ ဖြတ်ကျော်လာနိုင်ပြီဆိုရင်လည်း အုပ်စုဗိုလ်နေရာ ရရှိထားကြတဲ့ ဝက်စ်ဟမ်း လိုင်ယွန် မိုနာကို လေဗာကူဆင် ဖရန့်ဖတ် ဂါလာတာစာရေး စပါးတပ်မော်စကို ဇဗက်ဒါအသင်းတွေနဲ့ (၁၆)သင်းအဆင့်မှာ ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ခြေစွာနေတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ထိပ်တိုက်ဆုံတွေ့နိုင်ဦးမလားဆိုတာကလည်း အလွန်ကို စိတ်ဝင်စားစရာကောင်းနေပါတယ်။ ယခင်ကတည်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကိုသာ အမြင့်ဆုံးအဖြစ် ရောက်ရှိထားဖူးတဲ့ ဘာစီလိုနာရဲ့ အခုတစ်ကြိမ် ယူရိုပါလိဂ် ခရီးစဉ်မှာရော ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်သွားရပါမယ်။