ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် အုပ်စု(၂)ရဲ့ အုပ်စုပွဲ တပွဲ ဖြစ်တဲ့ ချက်နဲ့ ပေါ်တူဂီတို့ရဲ့ ပွဲမှာတော့ ဧည့်သည် ပေါ်တူဂီက မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ရိုနယ်ဒို ၊ ဖာနန်ဒက်နဲ့ ဒါးလော့တို့ရဲ့ ခြေစွမ်းကောင်း ပြသနိုင်မှုတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိသွားခဲ့ပါတယ်။

ချက်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပေမယ့် ဧည့်သည် ပေါ်တူဂီကသာ ချက်ကို ပွဲချိန်ပြည့် ဖိအားပေး ကစားသွားခဲ့ပြီး ချက်ကတော့ တန်ပြန်တိုက်စစ် ၊ အမြင့်ဘောတွေ ကနေ တဆင့်သာ ပေါ်တူဂီကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။

Photo Credit: Standard

ချက် ၀-၄ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီ အတွက် အရေးပါခဲ့တဲ့ အရာကတော့ ရိုနယ်ဒို ၊ ဖာနန်ဒက်နဲ့ ဒါးလော့တို့ ရှိနေတဲ့ တိုက်စစ် ညာခြမ်း ဖြစ်ပြီး ပေါ်တူဂီ ရရှိခဲ့တဲ့ သွင်းဂိုး ၄ဂိုးစလုံးဟာ အဆိုပါ ကစားသမား ၃ဦးနဲ့ သက်ဆိုင်ခဲ့ကာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သူတို့ ၃ဦး ရှိနေတဲ့ ညာခြမ်းတိုက်စစ်ဟာ ပေါ်တူဂီရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တခု ဖြစ်လာနိုင်ပါတယ်။

အဆိုပါပွဲစဉ်မှာ ပေါ်တူဂီအတွက် သွင်းဂိုးတွေကို ညာနောက်ခံလူ ဒါးလော့က ပွဲကစားချိန် ၃၃မိနစ်နဲ့ ၅၂မိနစ် ၊ ကွင်းလယ်တိုက်စစ် ကစားသမား ဖာနန်ဒက်က ပွဲကစားချိန် ၄၇မိနစ်နဲ့ လူစားဝင် တိုက်စစ်မှူး ဂျိုတာက ပွဲကစားချိန် ၈၂မိနစ်တို့မှာ အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ပေါ်တူဂီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကတော့ ဂျိုတာရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ပေါ်တူဂီက အဝေးကွင်းမှာ ချက်ကို အနိုင်ရခဲ့ပြီးနောက် အုပ်စု(၂)ရဲ့ အုပ်စုဗိုလ် ဖြစ်လာခဲ့ပြီး အုပ်စုနောက်ဆုံးပွဲ အဖြစ် ယှဉ်ပြိုင် ကစားရမယ့် စပိန်နဲ့ပွဲမှာသာ အနိမ့်ဆုံး သရေရလဒ် ရယူနိုင်ခဲ့ရင် လာမယ့်နှစ်မှာ ကျင်းပမယ့် နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲဆီ အုပ်စုဗိုလ်အဖြစ်နဲ့ တက်လှမ်းသွားနိုင်ဖို့ ရှိနေပါတယ်။