ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဆိုပေမယ့်လည်း ပေါ်တူဂီအသင်းအနေနဲ့ ရော်နယ်လ်ဒို တစ်ဦးတည်းအပေါ်မှာပဲ လုံးဝ မှီခိုအားထားနေရတာ မဟုတ်ဘူးလို့ ပေါ်တူဂီကစားသမား ဂျာအို ကန်ဆယ်လိုက ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ဘောလုံးအသင်းဟာ အခုတစ်ပတ်ရဲ့ International Break ကာလအတွင်းမှာ ဆွီဒင် ဆလိုဗေးနီးယားအသင်းတွေနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပြီး ရော်နယ်လ်ဒို အပါအဝင် ပေါ်တူဂီရဲ့ ထိပ်တန်း ကစားသမားတချို့ကတော့ ဆွီဒင်နဲ့ပွဲမှာ မပါဝင်နိုင်ပဲ ဆလိုဗေးနီးယားနဲ့ပွဲမှသာ ပါဝင်နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit : Clutch Points

ရော်နယ်လ်ဒိုဟာ သူရဲ့ လက်ရှိကလပ် အယ်လ်နာဆာအသင်းနဲ့ ပွဲစဉ်ပေါင်းများစွာ ဆက်တိုက် ကစားထားရတာမို့ ပေါ်တူဂီဘက်က ဆွီဒင်နဲ့ပွဲအတွက် အနားပေးခဲ့ပြီး ရော်နယ်လ်ဒိုကလည်း သူရဲ့ချစ်သူ ဂျော်ဂျီနာနဲ့ အပန်းဖြေနေလျက် ရှိနေပါတယ်။

ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး သူရဲ့ လက်ရွေးစင် အသင်းဖော် ကန်ဆယ်လိုက ရော်နယ်လ်ဒိုဟာ အခုအချိန်ထိ ပေါ်တူဂီအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေဆဲ ဆိုပေမယ့်လည်း သူရဲ့ အကောင်းဆုံး အချိန်တွေက ကုန်လွန်သွားခဲ့ပြီ ဖြစ်သလို ပေါ်တူဂီအသင်းဟာလည်း ရော်နယ်လ်ဒို တစ်ဦးတည်းအပေါ်မှာပဲ မူတည်မနေတော့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bolavip

“သူက ကျွန်တော်တို့အသင်းအတွက် အလွန် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့သလို ဘာလွန်းဒေါဆုအတွက်လည်း လီယွန်နယ် မက်ဆီနဲ့ (၁၅)နှစ်လောက်အထိ ပြိုင်ဆိုင်နေခဲ့တဲ့သူပါ။ ဒါပေမယ့် ဘောလုံးသမားတစ်ဦးအတွက် အကောင်းဆုံး အချိန်ကာလတွေကတော့ (၂၅)နှစ်နဲ့ (၃၂)နှစ်ကြားပါပဲ။”

“သူက ကျွန်တော်တို့အတွက် အရေးပါနေတဲ့ ကစားသမားတစ်ယောက် ဖြစ်နေသေးတယ် ဆိုပေမယ့်လည်း လက်ရွေးစင် တစ်သင်းလုံးကတော့ သူ့အပေါ်မှာပဲ လုံးဝ မှီခိုနေတာမျိုးတော့ မဟုတ်ပါဘူး။” လို့ ကန်ဆယ်လိုက ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။