ပေါ်တူဂီ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ပေါ်တိုရဲ့ ဥက္ကဌ ဖြစ်သူ ပင်တို ဒါ ကော်စတာကတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ သူတို့အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဗီတင်ညာကို လိုချင်ရင် စာချုပ်ဖျက်သိမ်းကြေး ပေးချေမှသာ ခေါ်နိုင်မယ်လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ကွင်းလယ်ခံစစ် နေရာအတွက် အားကိုးရမယ့် ကွင်းလယ်ခံစစ် ကစားသမား တဦးကို ရှာဖွေနေပြီး ပေါ်တိုရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဗီတင်ညာဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Record

အသက် ၂၂နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ်ခံစစ် ကစားသမား ဗီတင်ညာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တိုနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်ပြီး ပေါ်တိုအတွက် ပြိုင်ပွဲစုံ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေက ဗီတင်ညာကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ဗီတင်ညာ အတွက် ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Record

ပေါ်တိုရဲ့ ဥက္ကဌ ဖြစ်သူ ကော်စတာကတော့ သူတို့အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဗီတင်ညာ အတွက် အမည်မဖော် ပြလိုတဲ့ နာမည်ကြီးအသင်း တသင်းရဲ့ ကမ်းလှမ်းမှု ရခဲ့ပေမယ့် သူတို့က အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်းနဲ့ ဗီတင်ညာကို လိုချင်ရင် စာချုပ်ဖျက်သိမ်းကြေး ပေးရမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကော်စတာက – “ကျွန်တော်တို့က ဗီတင်ညာအတွက် အတော်လေး ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တခု ရခဲ့ပေမယ့် အဲ့ဒီကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဗီတင်ညာကို လိုချင်ရင် စာချုပ်ဖျက်သိမ်းကြေး ပေးရမယ်လို့ ပြန်ပြီး အကြောင်းကြားခဲ့ပါတယ်။ ဗီတင်ညာကို ခေါ်ချင်တဲ့ အသင်းက စာချုပ်ဖျက်သိမ်းကြေး ပေးချေနိုင်မှပဲ သူ့ကို ခေါ်နိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။ ဗီတင်ညာရဲ့ စာချုပ်ဖျက်သိမ်းကြေး ကတော့ ယူရို ၄၀သန်း တန်ကြေး ရှိပါတယ်။