ပေါ်တူဂီနိုင်ငံရဲ့ ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ ပေါ်တိုအသင်း ကတော့ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းရဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ လက်ရှိမှာ ဥရောပ ဘောလုံးလိဂ် အတော်များများရဲ့ နွေရာသီ အပြောင်းအရွှေ့ဟာ ပိတ်သိမ်းသွားခဲ့ပြီ ဆိုပေမယ့် ပေါ်တူဂီအသင်းတွေ ကတော့ ရာသီသစ်အတွက် ကစားသမား ခေါ်ယူမှုတွေကို အောက်တိုဘာလ ၂၅ရက်နေ့ အထိ ပြုလုပ်နိုင်ပါသေးတယ်။

Photo Credit: ESPN

ဒါ့ကြောင့်ပဲ ပေါ်တိုအသင်းဟာ မန်ယူအသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့တာပါ။ အသက် ၂ရနှစ်အရွယ် တောင်ပံ ကစားသမား လင်ဂတ်ဟာ ကွင်းလယ်တိုက်စစ် ၊ တောင်ပံ တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာ ပုံမှန်နေရာ မရမှုတွေနဲ့အတူ ပုံမှန် ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။ လင်ဂတ်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ် လာတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အသင်းထံ ရောက်ရှိလာတဲ့ ကစားသမားသစ်တွေ ဖြစ်ကြတဲ့ ဗန်ဒီဘိခ် ၊ ပယ်လီစထရီတို့ကြောင့် လုံလောက်တဲ့ ပွဲထွက်ခွင့် ရဖို့ မသေချာတော့သလို မန်ယူအသင်းကလည်း လင်ဂတ်ကို ခေါ်ယူမယ့်အသင်း ရှိပါက ရောင်းချလိုနေပါတယ်။

Photo Credit: ESPN

နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ အဆိုအရတော့ ပေါ်တိုအသင်းဟာ လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို လင်ဂတ်ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ မန်ယူအသင်း ကတော့ လင်ဂတ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၂ဝသန်း ဝန်းကျင် အလိုရှိနေပြီး ပေါ်တိုအသင်းက လင်ဂတ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၅သန်းခန့်သာ အသုံးပြု လိုတာကြောင့် နှစ်သင်းကြားမှာ အနည်းငယ် ဆွေးနွေးရဖွယ် ရှိနေပါတယ်။ လင်ဂတ်ကတော့ သူ့ရဲ့ ကစားသမား ဘဝအတွက် နေရာရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေပြီး ပေါ်တိုအသင်းထံ ပြောင်းရွှေ့ခွင့် ရဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။