ပေါ်တူဂီ အင်အားကြီး အသင်း ဖြစ်တဲ့ ပေါ်တိုအသင်း ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် စိတ်ပိုင်းဖြတ် ထားတဲ့ ဘယ်နောက်ခံလူ တဲလက်စ်ကြောင့် တဲလက်စ် အတွက် မန်ယူအသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရကြောင်း ဥရောပ သတင်းဌာန အများစုရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။ ပေါ်တိုအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ အသက် ၂၇ နှစ် အရွယ် ဘရာဇီးလ် ဘယ်နောက်ခံလူ တဲလက်စ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို ၄၀ သန်း ဝန်းကျင် ရှိပေမယ့် တဲလက်စ်ဟာ သူ့ရဲ့ စာချုပ် သက်တမ်း နောက်ဆုံးနှစ် အတွင်းကို ရောက်ရှိ နေသူ ဖြစ်တာကြောင့် လာမယ့် နွေစျေးကွက်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် မပြုရစေရန် အတွက် ပေါ်တိုအသင်းဟာ သူ့ကို ယခု နွေစျေးကွက် အတွင်းမှာ ရောင်းချဖို့ လိုအပ် နေပါတယ်။

Photo Credit: Teamtalk

ပေါ်တိုအသင်းဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ တဲလက်စ်ကို ရောင်းချချင်နေသလို တစ်ဖက်မှာလည်း တဲလက်စ်ရဲ့ နေရာမှာ အစားထိုး နိုင်မယ့် ဘယ်နောက်ခံလူ တစ်ဦးကို ဝယ်ယူဖို့ အတွက် ငွေကြေး လိုအပ် နေတာကြောင့် တဲလက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၃၀ သန်း ဝန်းကျင်နဲ့ ရောင်းချ လိုနေပါတယ်။ ဒါပေမယ့် မန်ယူအသင်း ကတော့ တဲလက်စ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၃ သန်းထက် ပိုပြီး ပေးချေလိုခြင်း မရှိတာကြောင့် အပြောင်းအရွှေ့ ဟာ အနည်းငယ် ကြန့်ကြာ နေတာ ဖြစ်ကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ လက်ရှိမှာ တဲလက်စ် ဟာ မန်ယူအသင်းနဲ့ ပုဂ္ဂိုလ်​ရေး အရ သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်တာကြောင့် ပြောင်းရွှေ့ကြေး သာ ညှိနှိုင်းမှု ပြီးစီးပါက တဲလက်စ်ဟာ မန်ယူအသင်းရဲ့ ကစားသမား ဖြစ်လာတော့မှာပါ။

Photo Credit: Teamtalk

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းနဲ့ ပေါ်တိုအသင်း တို့ဟာ တဲလက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို အဆက်မပြတ် လုပ်ဆောင် နေပြီး တိုးတက်မှုတွေ ရှိနေတာကြောင့် မကြာခင်မှာပဲ အပြီးသတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့် ပေါ်တိုအသင်း ဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ ယတိပြတ် ဆုံးဖြတ်ထားတဲ့ တဲလက်စ်ရဲ့ ဆုံးဖြတ်ချက် အပေါ် အနည်းငယ် အံ့အားသင့် နေပြီး တဲလက်စ်ရဲ့ အဆိုပါ ဆုံးဖြတ်မှုကြောင့် ပဲ ပေါ်တိုအသင်း ဟာ ပြောင်းရွှေ့ကြေး ညှိနှိုင်းရာမှာ အခက်အခဲ တွေ့နေတာပါ။ မန်ယူအသင်း ကတော့ တဲလက်စ်ကို ယခုတစ်ပတ် အတွင်းမှာပဲ ခေါ်ယူနိုင်လိမ့်မယ် လို့ ယုံကြည် ထားကြောင်း မန်ယူအသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။