MySport Myanmar

ထုတ်ပယ်ခံရနိုင်တဲ့ ပရီးမီးယားလိဂ် နည်းပြတွေထဲမှာ ပေါ်တာ ရေပန်းအစားဆုံး ဖြစ်နေ

ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာဟာ ပရီးမီးယားလိဂ် ဘောလုံးအသင်းတွေရဲ့ နည်းပြတွေထဲမှာမှ ထုတ်ပယ်ရနိုင်ခြေ အရှိဆုံးသော နည်းပြအဖြစ် bookie တွေက သတ်မှတ်ထားပြီး ပေါ်တာရဲ့နောက်မှာတော့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်နဲ့ ဘုန်းမောက်နည်းပြ ဂယ်ရီအိုနေးလ်တို့ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ဘရိုက်တန် နည်းပြဟောင်း ပေါ်တာဟာ ချဲလ်ဆီးအသင်းကို စတင် ကိုင်တွယ်ချိန်ကတည်းက လက်ရှိအချိန်ထိ ပွဲပေါင်း (၂၆)ပွဲ ကိုင်တွယ်ထားခဲ့ရာ နိုင်ပွဲက (၉)ပွဲသာ ရှိထားခဲ့ပြီး (၇)ပွဲ သရေကျထားကာ (၁၀)ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ နည်းပြသက်တမ်း (၆)လအတွင်းမှာ ချဲလ်ဆီးအတွက် နိုင်ပွဲရာခိုင်နှုန်း (၃၄.၆)%သာ ရယူထားနိုင်ခဲ့သူ ပေါ်တာဟာ ပိုင်ရှင်ဟောင်း ရိုမန်လက်ထက် နည်းပြမော်ရင်ဟိုနောက်ပိုင်း နိုင်ပွဲရာခိုင်နှုန်း အနည်းပါးဆုံး နည်းပြတစ်ဦး ဖြစ်ခဲ့ရသလို အသင်းကလည်း နိုဝင်ဘာလအစလောက်ကတည်းက ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၁၂)ဂိုးသာ ရယူထားနိုင်ခဲ့လို့ ဒီအရေအတွက်က တခြားအသင်းတွေ အားလုံးထက်ကို နည်းပါးနေရပါတယ်။

Photo Credit : Football London

ချဲလ်ဆီးအသင်းရဲ့ အခြေအနေတွေက ဆောင်းဈေးကွက်ထဲ အသုံးစရိတ် ပေါင်သန်း(၃၀၀)လောက်အထိ အသုံးပြုထားတာတောင် ထူးမခြားနားလာတဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် အသင်းပိုင်ရှင်တွေဘက်ကနေ နည်းပြပေါ်တာကို ဘယ်လောက်ပဲ အချိန်ပေးထားပါသေးတယ်လို့ ပြောနေနေ ချဲလ်ဆီးတို့ ချန်ပီယံလိဂ်မှာသာ ဒေါ့မွန်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ဘူးဆိုရင် ပေါ်တာရဲ့ အနာဂတ်က တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း bookie တွေက ပေါ်တာကို ထုတ်ပယ်ခံရနိုင်ဆုံး နည်းပြအဖြစ် ၄/၁၁ နဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Photo Credit : Football London

ပေါ်တာရဲ့နောက်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ဝါရင့်နည်းပြကြီး မွိုက်စ်လည်း ရှိနေပြီး မွိုက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းကလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)နေရာထိ ရောက်ရှိနေရပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်း ဒီတစ်ပတ်ထဲမှာ နော်တင်ဟမ်ကို ဂိုးပြတ် အနိုင်ရထားလို့ ဖိအားလျော့နေနိုင်ပြီး ဘုန်းမောက်နည်းပြ အိုနေးလ်က ၂၀၂၃ခုနှစ်ထဲမှာ နိုင်ပွဲ(၁)ပွဲသာ ရှိထားကာ အဆင့်(၁၉)ထိလည်း ရောက်နေလို့ ပိုပြီး ဖိအားများနေနိုင်ပါတယ်။

Exit mobile version