ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ အန်ဂိုလိုကန်တေဟာ သူရဲ့ဒဏ်ရာပြသာနာကြောင့် လာမယ့်နှစ် ဖေဖော်ဝါရီလကုန်ပိုင်း ဒါမှမဟုတ် မတ်လဆန်းပိုင်းလောက်မှသာ အသင်းအတွက် ပြန်ကစားနိုင်လိမ့်မယ်လို့ ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက အတည်ပြု ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : The Mirror

ဒဏ်ရာတွေနဲ့ လုံးပန်းနေရပြီး injury prone player တစ်ယောက်လို့ပါ သတ်မှတ်ခံနေရတဲ့ ကန်တေဟာ လက်ရှိမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး ဒီရာသီထဲမှာလည်း ဒဏ်ရာပြသာနာတွေကြောင့် ချယ်လ်ဆီးအတွက် (၂)ပွဲသာ ကစားထားရသလို ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လွဲချော်ထားခဲ့ရပါတယ်။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအစ အဲဗာတန် စပါးအသင်းတွေနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်းကတည်းက ချယ်လ်ဆီးနဲ့ ပြင်သစ်အသင်းတို့ရဲ့ ပွဲစဉ်မှန်သမျှကို လွဲချော်ထားခဲ့ရသူ ကန်တေဟာ လာမယ့်မတ်လလောက်မှသာ ဘောလုံးပြန်ကစားနိုင်တော့မယ်လို့ ချယ်လ်ဆီးနည်းပြပေါ်တာက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : We Ain’t Got Not Histroy

ဒီလို ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရတဲ့ ကန်တေဟာ လာမယ့်နှစ် နွေရာသီမှာပဲ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အခုထိလည်း အသင်းနဲ့ ကစားသမားကြားက စာချုပ်ကိစ္စက အဆင်မပြေဆဲ ဖြစ်နေသလို အသင်းဘက်က အမြဲတမ်း ဒဏ်ရာရ ကြံခိုင်မှု အားနည်းတဲ့ ကန်တေကို အလွန်ဆုံး(၂)နှစ်လောက်သာ သက်တမ်းတိုးချင်နေပါတယ်။ ကန်တေဟာ ၂၀၁၆ခုနှစ်ကတည်းက လက်စတာကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်မှာ အသင်းကို မောင်းနှင်ပေးနိုင်တဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သလို အသင်းနဲ့လည်း ဆုဖလားတွေ အမြောက်အများ သိမ်းပိုက် ရယူနိုင်ခဲ့သူလည်း ဖြစ်ပေမယ့်လည်း လက်ရှိ ကန်တေရဲ့ အသက်အရွယ် ကြံခိုင်မှု အနေအထားတွေကြောင့် ကန်တေနဲ့ ချယ်လ်ဆီးတို့ဟာ ရေရှည် ဆက်လက် လက်တွဲဖို့ထက် လက်တွဲဖြုတ်ရဖို့သာ အခြေအနေများနေရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်လည်း ကန်တေဟာ ချယ်လ်ဆီးနဲ့ ဆက်လက် လက်တွဲသွားဖို့ မဖြစ်နိုင်တော့ရင် အသင်းကနေ free transfer နဲ့ ထွက်ခွာမှာဖြစ်ပြီး ကန်တေကိုလည်း ကလပ်အသင်းများစွာက စောင့်ကြည့်နေကြသလို အဲ့ဒီအသင်းတွေထဲကမှ ဘာစီလိုနာအသင်းက ကန်တေကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရတယ်လို့ သိရှိရပါတယ်။