စပါးနည်းပြမော်ရင်ဟိုကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကျင်းပပြုလုပ်ခဲ့တဲ့ FIFA The Best Awards ဆုပေးပွဲအတွင်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို အံ့အားသင့်စဖွယ် ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ထက် ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါ ချန်ပီယံလိဂ်နဲ့ ဂျာမန်ပိုကယ်ဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ နည်းပြဟန်ဆီဖလစ်ကသာ အကောင်းဆုံးနည်းပြဆုနဲ့ ပိုမိုထိုက်တန်သူဖြစ်ပြီး ဆုဖလားတွေ ဒီလောက်အထိ ရယူနိုင်ခဲ့တဲ့သူ့ကို ဒီဆုမချီးမြှင့်ခဲ့တဲ့အပေါ်ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆွတ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ FIFA ရဲ့တစ်နှစ်တာအကောင်းဆုံးဆု ချီးမြှင့်ပွဲမှာ အကောင်းဆုံးနည်းပြဆုကို ဘိုင်ယန်နည်းပြဖလစ် လိဒ်စ်ယူနိုက်တက်နည်းပြ ဘီယဲလ်ဆာတို့ကို ကျော်ဖြတ်ပြီး လီဗာပူးလ်ကို အနှစ်(၃၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ယာဂင်ကလော့က (၂)နှစ်ဆက်တိုက်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အားလုံးက ဟန်ဆီဖလစ်ကို ဒီဆုရလိမ့်မယ်လို့ အားလုံးက ယူဆထားတဲ့အချိန် ကလော့က ဒီဆုကို ပိုင်ဆိုင်လိုက်ရတဲ့အတွက် ကလော့အပါအဝင် အားလုံးက အံ့အားသင့်သွားခဲ့ရပါတယ်။

Photo Credit : Goal

ဆုရလိုက်ပြီးနောက် ကလော့က “ဒါက တကယ့်ကို ဝမ်းမြောက်စရာပါ။ ဒါပေမယ့် ပထမဆုံး ခံစားလိုက်ရတာကတော့ အားလုံးနဲ့အတူတူပဲလို့ ပြောရမယ်။ ကျွန်တော့်မျက်လုံးတွေ အနည်းငယ်ပြူးသွားမိတယ်။ ဒါက ဘယ်လိုဖြစ်ရတာလဲဆိုပြီး မေးခွန်းထုတ်နေမိတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီဆုကို ဖလစ်မပိုင်ဆိုင်လိုက်ရတာနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ဖလစ်အနေနဲ့ ဘိုင်ယန်အတွက် နောက်ထပ်ဆုဖလား (၂)ခု (၃)ခုလောက် ရယူပေးမှ ဒီဆုကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးရှိမယ်လို့ ကျွန်တော်ထင်မိသွားရတယ်။ ဒီလိုဆိုတော့ တစ်ရာသီအတွင်းမှာ ဆုဖလား(၇)လုံးလောက် ရယူနိုင်မှ သူဒီဆုကို ပိုင်ဆိုင်နိုင်လိမ့်မယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ သူက ချန်ပီယံလိဂ် ဘွန်ဒစ်လီဂါ ပိုကယ် ဥရောပစူပါဖလားနဲ့ ဂျာမန်စူပါဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့တာ။ ဒီဆုဖလားတွေအားလုံးက အသင်းအတွက် အရေးပါတဲ့ ဆုဖလားတွေချည်းပဲလေ။ ဒါကြောင့် ဘိုင်ယန်အတွက် အကောင်းဆုံးကြိုးပမ်းစွမ်းဆောင်ပေးခဲ့တဲ့ ဖလစ်အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူ ဒီဆုကို ရယူနိုင်ဖို့အတွက် ဆုဖလားတွေကို (၇)လုံးလောက်အထိကို ရယူဖို့တော့ လိုအပ်မယ်ထင်တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီနှစ်မှာ ချီးမြှင့်တဲ့ FIFA The Best Coach ဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ယာဂင်ကလော့ဟာ ဒီဆုကို (၂)နှစ်ဆက်တိုက် သိမ်းပိုက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။