မနက်ဖြန်ည စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားသွားမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်အတွင်းမှာ မန်စီးတီးဘက်ကနေ တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်း ပါဝင်လာဖို့ အခြေအနေနီးစပ်နေပေမယ့်လည်း မန်စီးတီးပရိသတ်တွေအများစုကတော့ စတာလင်းကို ပွဲထွက်စာရင်းကနေသာ ချန်လှပ်ထားစေချင်နေတယ်လို့ Manchester Evening News (MEN) ဝက်ဆိုဒ်ရဲ့ စစ်တမ်းတစ်ခုကနေ သိရှိလာခဲ့ရပါတယ်။

Photo Credit : TEAMtalk

စတာလင်းဟာ ကြွက်သားဒဏ်ရာကြောင့် မန်စီးတီးနဲ့ လက်စတာတို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ရပြီး မက်ဒရစ်မှာ ကစားရမယ့် ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကိုပါ ထပ်မံလွဲချော်ရနိုင်သေးတယ်လို့ သတင်းတွေပါ ဆက်လက်ထွက်ပေါ်ခဲ့ပေမယ့် အခုလက်ရှိအချိန်မှာတော့ စတာလင်းက ဒဏ်ရာပြန်လည်သက်သာလာလို့ အသင်းသားတွေနဲ့ပါ လေ့ကျင့်ခန်းပြန်ဆင်းတဲ့ ဓါတ်ပုံတွေထွက်ရှိလာခဲ့ပြီး ရီးရဲလ်နဲ့ပွဲကိုလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးပရိသတ်တွေကတော့ ကြံခိုင်မှုပြည့်ဝဖွယ်မရှိသေးတဲ့ စတာလင်းကို လူစာရင်းအတွင်း ထည့်သွင်းအသုံးပြုလာမှာကို စိတ်တိုင်းမကျလျက်ရှိနေပါတယ်။

Photo Credit : bein SPORT

ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး MEN ဝက်ဆိုဒ်ကနေ ရီးရဲလ်နဲ့ပွဲမှာ စတာလင်းကို ထည့်သွင်းအသုံးပြုသင့် မပြုသင့်ဆိုတာကို စစ်တမ်းကောက်ယူကြည့်ရာ မန်စီးတီးအသင်းကို အားပေးသူ ၆၂%က စတာလင်းကို လူစာရင်းမှာ မပါဝင်ခိုင်းသင့်ပဲ အရန်စာရင်းမှာထားသင့်တယ်ဆိုတာကို မဲပေးရွေးချယ်ခဲ့ပါတယ်။ ဒါဟာ စတာလင်းရဲ့ဒဏ်ရာအခြေအနေနဲ့လည်း ပတ်သက်နေသလို ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်တစားရှိနေခဲဲ့တဲ့ စတာလင်းရဲ့ထုတ်ဖော်ပြောဆိုထားတဲ့ စကားလုံးတွေနဲ့ ပတ်သက်ဆက်နွယ်လို့နေပါတယ်။ စတာလင်းဟာ မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ AS သတင်းစာနဲ့ အင်တာဗျူးအတွင်း ရီးရဲလ်ကို ဂန္တဝင်အသင်းကြီးတစ်သင်းဖြစ်တယ်လို့ ချီးမွမ်းပြောဆိုခဲဲ့သလို သူကလက်ရှိ မန်စီးတီးကစားသမားတစ်ယောက်အဖြစ် ရှိနေတာဆိုပေမယ့်လည်း အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှကြိုမပြောနိုင်သေးဘူးလို့ ပြောဆိုထားခဲ့တာကြောင့် သူ့ကို မန်စီးတီးပရိသတ်တချို့က စိတ်ပျက်လျက်ရှိနေပါတယ်။