လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်သွားတော့မယ့် အာဂျင်တီးနားအသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကြီး ပိုလန်လူမျိုး ကွင်းလယ်ဒိုင်ဖြစ်သူ ဆီမွန်မာချီညက်က တာဝန်ယူ ကြီးကြပ်သွားရမယ်လို့ သိရှိရပါတယ်။

Photo Credit : Sport Desk

အသက်(၄၁)နှစ်အရွယ် ရှိပြီဖြစ်သော ပိုလန်ဒိုင်လူကြီး မာချီညက်ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို ပထမဆုံး တာဝန်ယူခွင့်ရခဲ့တဲ့ ပိုလန်လူမျိုး ဒိုင်လူကြီးတစ်ဦးအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မာချီညက်က ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပြင်သစ်နဲ့ ဒိန်းမတ်အသင်းတို့ရဲ့ အုပ်စုတွင်းပွဲစဉ် အာဂျင်တီးနားနဲ့ သြစတြေးလျတို့ရဲ့ (၁၆)သင်းရှုံးထွက်ပွဲစဉ်တွေကို တာဝန်ယူခဲ့ရသူဖြစ်ပြီး သူရဲ့ ပွဲအတွင်း ကြီးကြပ်နိုင်စွမ်းတွေကို ကမ္ဘာကျော် ဒိုင်လူကြီးဟောင်းလည်းဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒိုင်လူကြီး ဥက္ကဌလည်းဖြစ်တဲ့ ကော်လီနာက သဘောကျ နှစ်သက်နေခဲ့တာကြောင့် အခုလို ဗိုလ်လုပွဲမှာ တာဝန်ပေးလိုက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Goal

၂၀၁၁ခုနှစ်ကနေ စတင်ပြီး FIFA အသိအမှတ်ပြု ဒိုင်လူကြီးတစ်ဦး ဖြစ်လာခဲ့ရတဲ့ မာချီညက်ဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မတိုင်ခင် ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ ဘာစီလိုနာနဲ့အင်တာမီလန် အသက်လက်တီကိုနဲ့ပေါ်တို မာဆေးလ်နဲ့စပါး ဒိုင်နမိုမော်စကိုနဲ့အေစီမီလန် အစရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကိုင်တွယ်ခဲ့ဖူးသူလည်းဖြစ်ပြီး ၂၀၁၅ ယူ-၂၁ ယူရိုပြိုင်ပွဲရဲ့့ ဗိုလ်လုပွဲစဉ်ကိုလည်း တာဝန်ယူခဲ့ရပါသေးတယ်။ မာချီညက်နဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရ ဖြစ်စေခဲ့တဲ့ ပွဲစဉ်ကတော့ ၂၀၂၀ခုနှစ် လီဗာပူးလ်အသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ချန်ပိယံလိဂ်ပွဲစဉ်ဖြစ်ပြီး အဲ့ဒီပွဲမှာ လီဗာပူးလ်က တစ်ဂိုးတည်းနဲ့ ကပ်ရှုံးနိမ့်ခဲ့ရသလို လီဗာပူးလ်ပရိသတ်တွေဟာလည်း မာချီညက်ရဲ့ ပွဲအပေါ် တာဝန်ယူ ကိုင်တွယ်ပုံ ညံဖျင်းလွန်းခဲ့တယ်လို့ ဝေဖန်ပြစ်တင်ထားကြပါတယ်။ အခုလည်း အာဂျင်တီးနား နဲ့ ပြင်သစ်အသင်းတို့ ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲစဉ်မှာ ဥရောပကိုယ်စားပြု ဒိုင် နောက်ပြီး အုပ်စုအဆင့်မှာ အာဂျင်တီးနားအသင်း ဖြုတ်ချခြင်းကို ခံခဲ့ရတဲ့ နိုင်ငံအသင်းရဲ့ ကိုယ်စားပြု ဒိုင်ကို တာဝန်ပေးခြင်းအပေါ် ဘောလုံးပရိသတ်တချို့က ဝေဖန်နေကြပါတယ်။