ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သူ ဒီဒီယာ လယ်လီမန့်ကတော့ ပဲရစ်မြို့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၁-၀ လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်မီမှာ ဖြစ်ပွားခဲ့တဲ့ အထိကရုဏ်း ဖြစ်စဉ်တွေ အတွင်း လီဗာပူးပရိသတ်တွေကို အကြမ်းဖက်မိခဲ့တာကြောင့် ၎င်းတို့ရဲ့ လုပ်ရပ်အတွက် တောင်းပန်ကြောင်း ယနေ့မှာပဲ တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ လီဗာပူး ပရိသတ်တွေ အတွက် အတော်လေးကို ထိခိုက်နာကျင်စေခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပြီး ကွင်းအတွင်းမှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ် ဆုဖလားကို လက်လွှတ်ခဲ့ရသလို ပွဲမစခင် ကွင်းပြင်ပမှာဆိုရင်လည်း ပြင်သစ်ရဲတပ်ဖွဲ့က လီဗာပူး ပရိသတ်တွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ကာ အကြမ်းဖက်ခဲ့ပါတယ်။

 

Photo Credit: Independent

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမစတင်မီမှာ လက်မှတ်အတု ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ ပရိသတ်တွေက ကွင်းထဲကို ဝင်ရောက်ခဲ့ကြပြီး အဆိုပါဖြစ်ရပ်ကြောင့်ပဲ UEFAက လီဗာပူး ပရိသတ် အများအပြားကို ကွင်းထဲသို့ ဝင်ရောက်ခွင့် ခေတ္တ ပိတ်လိုက်ရာ ကနေ အာဏာပိုင်တွေနဲ့ လီဗာပူး ပရိသတ်တွေကြားမှာ ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။

အာဏာပိုင်တွေနဲ့ လီဗာပူးပရိသတ်တွေ ကြားထဲမှာ ပြဿနာတွေ ဖြစ်ပွားခဲ့ပြီးနောက် ပဲရစ်မြို့ ရဲတပ်ဖွဲ့က ရောက်လာခဲ့ပြီး ကလေးငယ်တွေ ပါဝင်တဲ့ လီဗာပူး ပရိသတ်အုပ်စုတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ကာ လူစုခွဲခဲ့သလို ငရုတ်ကောင်း စပရေးနဲ့ ဖြန်းခံခဲ့ရတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။

Photo Credit: Independent

အဆိုပါဖြစ်ရပ်ကြောင့်ပဲ လီဗာပူး ပရိသတ်တွေ အပါအဝင် ကမ္ဘာတလွှားမှာ ရှိတဲ့ ဘောလုံးပရိသတ် အများစုက ပဲရစ်မြို့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ယနေ့မှာတော့ ပဲရစ်မြို့ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ လယ်လီမန့်က သူတို့ရဲ့ လုပ်ရပ်အတွက် လီဗာပူးပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

လယ်လီမန့်က – “အဲ့ဒီနေ့တုန်းက အဖြစ်အပျက်တွေဟာ အတော်လေးကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ခဲ့လို့ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေပါ။ ပြီးတော့ လူတွေကလည်း ကျွန်တော်တို့ကို ဖိအားပေးခဲ့သလို ပြန်လည် တိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရပါတယ်။ ကျွန်တော့်ဘက်က ပရိသတ် အရေအတွက်ကို ခန့်မှန်းတာ မှားခဲ့တာကြောင့်လည်း အခုလိုမျိုး ဆိုးရွားတာတွေ ဖြစ်ပျက်ခဲ့တာပါ။ ဒီကိစ္စမှာ ကျွန်တော်တို့ ရဲတပ်ဖွဲ့ရဲ့ အမှားတွေလည်း မကင်းခဲ့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ဘက်က တောင်းပန်ချင်ပါတယ်။ ဒါပေမယ့် ကွင်းထဲကို သောင်းနဲ့ချီတဲ့ ပရိသတ်တွေ လက်မှတ်အတုတွေနဲ့ ဝင်သွားခဲ့တာက အမှန်တရားပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။