MySport Myanmar

IMDB သမိုင်းမှာ rating အနည်းဆုံး ဖြစ်ခဲ့ရတဲ့ ပေါ့ဘာရဲ့ မှတ်တမ်းရုပ်သံစီးရီး Pogmentary

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ပေါလ်ပေါ့ဘာနဲ့ Amazon Prime တို့ ပူးပေါင်းတင်ဆက်ထားတဲ့ ပေါ့ဘာရဲ့ မှတ်တမ်းရုပ်သံစီးရီး Pogmentary ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ထွက်ပေါ်လာခဲ့ပြီး အခုဆိုရင် ဒီမှတ်တမ်းစီးရီးဟာ ကမ္ဘာကျော် ရုပ်ရှင်စီးရီးတွေနဲ့ ပတ်သက်တဲ့ ဝက်ဆိုက်ဒ်ကြီးတစ်ခုဖြစ်တဲ့ IMDB မှာ စံချိန်တင်ရလောက်တဲ့အထိ ဆိုးဆိုးရွှားရွှား rating အနိမ့်ဆုံးထိ ဖြစ်ခဲ့ရပြီး rating 10 မှာ 1.1 လေးသာ ရရှိခဲ့ပါတယ်။

Photo Credit : Youtube

အသက်(၂၉)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒီနှစ်နွေမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ ထွက်ခွာထားခဲ့ရတာဖြစ်ပြီး သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီး မရှေးမနှောင်းမှာပဲ ပေါ့ဘာရဲ့ သူ့အကြောင်းတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ Pogmentary ဆိုတဲ့ မှတ်တမ်းရုပ်သံစီးရီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အဲ့ဒီထဲမှာ ပေါ့ဘာက ယူနိုက်တက်အသင်း သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ အချိန်ယူ စောင့်ဆိုင်းနေတာဟာ အမှားတစ်ခုကို ကျူးလွန်မိတာဖြစ်ကြောင်းနဲ့ ယူနိုက်တက်က ဒီလို အမှားလုပ်ခဲ့တာကို ယူနိုက်တက်လို ပုံစံမျိုး ဖြစ်နေတဲ့ အခြားအသင်းတွေပါ မြင်လာအောင် ပြသသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာကြောင့် အတော်လေးကို ဂယက်ထခဲ့ရပါတယ်။

Photo Credit : Man Utd Core

ဒီလို ဂယက်ထစေနိုင်မယ့် စကားတွေ ထည့်သွင်းပြောဆိုထားတဲ့ Pogmentary မှတ်တမ်းရုပ်သံစီးရီး ထွက်ပေါ်လာခြင်းအပေါ် ဘောလုံးပရိသတ်တွေအပြင် အားကစား သတင်းမီဒီယာတွေရဲ့ ကြီးမားတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်လာခဲ့သလို IMDB မှာလည်း rating အနည်းဆုံး အခြေအနေထိဖြစ်အောင်ပါ လုပ်ဆောင်ခဲ့ကြပါတယ်။ ပေါ့ဘာရဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း ယူနိုက်တက် ကစားသမားဟောင်းကြီး လူးဝစ်ဆာဟာကတော့ ဒီမှတ်တမ်းရုပ်ရှင်ဟာ မလိုအပ်ပဲ ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာဟာ သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ ဒုတိယအကြိမ် ပြန်လည်ပြောင်းရွှေ့လာဖို့ အနီးစပ်ဆုံး အခြေအနေ ဖြစ်နေရပြီး မနေ့ညကပဲ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ပေါ့ဘာဟာ ဂျုဗင်တပ်စ်ကို ပြန်လည်ရောက်ရှိလာဖို့ အလုံးစုံ သဘောတူညီချက် ရရှိသွားပြီလို့ ဖော်ပြလာပါတယ်။ ပေါ့ဘာဟာ ဂျုဗင်တပ်စ်အသင်းမှာ ၂၀၁၂ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ (၄)နှစ်ပါဝင်ကစားခဲ့ပြီး ဂျုဗီပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ခဲ့ရပါတယ်။

Exit mobile version