မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ယူနိုက်တက်အသင်းကို အရေးနိမ့်စေခဲ့တဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးကို ဖြစ်စေခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို လတ်တလောမှာ နည်းပြဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ ပွဲထွက်လူစာရင်းအတွက် မရွေးချယ်သင့်ပဲ အရန်စာရင်းမှာပဲ ဆက်လက်ထားရှိသင့်တယ်လို့ ပြင်သစ်ကစားသမားဟောင်းကြီး ဖရန့်လီဘော့ဖ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Independent

စပါးအသင်းကို (၆)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ် အာဆင်နယ်နဲ့ပွဲမှာ ပြန်လည်ပါဝင်ခဲ့ရတဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ပွဲစဉ်အတွင်းမှာ ဘောလုံးဆုံးရှုံးမှုများစွာ ရှိခဲ့တဲ့အပြင် ဒုတိယပိုင်းမှာလည်း သူရဲ့ဖြတ်ထုတ်မှုကနေ ပင်နယ်တီသတ်မှတ်ပေးခဲ့ရပြီး ဒီပင်နယ်တီကို အူဘာမီယန်းက အမှားအယွင်းမရှိ သွင်းယူရင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ပေါ့ဘာကိုယ်တိုင်ကလည်း ပွဲအပြီးမှာ သူရဲ့အမှားကျူးလွန်မှုကနေ ပင်နယ်တီပေးခဲ့ရကြောင်းကို ဝန်ခံသွားခဲ့သလို သူရဲ့စီနီယာကစားသမားကြီး လီဘော့ဖ်ကပါ ပေါ့ဘာရဲ့လက်ရှိအခြေအနေတွေကို သုံးသပ်ပြောဆိုလာကာ နည်းပြဆိုးလ်ရှားကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးနဲ့ မာဆေးလ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးလီဘော့ဖ်က “လက်ရှိ ယူနိုက်တက်အသင်းရဲ့ ပုံစံတွေနဲ့ပတ််သက်ပြီး ရှင်းပြချက်တွေ ရှိလာမလားဆိုတာတော့ ငါလည်းမသိဘူး။ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကလည်း ကျပန်းသဘောနဲ့ နိုင်သွားသလို ကံကောင်းပြီး နိုင်ပွဲရသွားသလို ဖြစ်နေရပါတယ်။ အခု ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မြင်တွေ့နေရတဲ့ ယူနိုက်တက်အသင်းရဲ့ပုံစံက လုံးဝကောင်းမနေပါဘူး။ အသင်းရဲ့အခြေအနေတွေက မယုံနိုင်လောက်စရာကောင်းလောက်အောင် မတည်မငြိမ် ဖြစ်နေလွန်းပါတယ်။ Diamond ပုံစံ ကစားကွက်နဲ့တည်ဆောက်ထားတဲ့ ကွင်းလယ်ပိုင်းကို မြင်တွေ့ခဲ့ရတာကလည်း ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ အိုလေက ပေါ့ဘာကို ကွင်းလယ်အတွင်းပိုင်းမှာပဲ ကစားစေချင်တာ။ ဒါပေမယ့် ပေါ့ဘာကို ဒုတိယပိုင်းမှာ ဘယ်တောင်ပံမှာ ပြောင်းလဲကစားစေခဲ့တယ်။ သူကိုယ်တိုင်ကိုက ပေါ့ဘာနဲ့ ဘာလုပ်ချင်မှန်းကို မသိဘူး။ ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာအတွက် ဘယ်နေရာမှာ ထားကစားရမလဲဆိုတာကိုပါ ပြန်စဉ်းစားရလိမ့်မယ်။ လက်ရှိအနေအထားအရတော့ ပေါ့ဘာကို အသင်းရဲ့ အရန်ခုံမှာ ထားရှိတာကပဲ အကောင်းဆုံးဖြစ်လိမ့်မယ်လို့တော့ ထင်မိတယ်” လို့ သူရဲ့ထင်မြင်ချက်တွေကို သုံးသပ်ပြောဆိုလိုက်ပါတယ်။